Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Sep 18, 2011

ကျွန်တော်တို့ရပ်ကွက်ထဲ သောက်ရေကန်တစ်ကန် ရှိခဲ့တဲ့အကြောင်း

(၁)
ကျွန်တော်တို့ ရပ်ကွက်ထဲမယ် သောက်ရေကန်တစ်ကန်ရှိတယ်ဗျ။ ရှိတယ်ဆိုတာထက် ရှိခဲ့တယ်ဆို ပိုမှန်မယ်ပေါ့ဗျာ။
ဘာလို့လဲဆိုတော့ ခုအဲ့ဒီရေကန်ကရေက သောက်လို့ မရတော့ဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကြာတွေအပြည့်နဲ့
ရေကလဲ အရမ်းကောင်းတဲ့ ရေကန်ကြီးပေါ့။ ဖေဖော်ဝါရီလလောက်ဆို ရေခန်းတယ်။ ကန်ရေခန်းပြီဆို ကျွန်တော်တို့ ရပ်ကွက်
သားတွေ ဒုက္ခရောက်တာပဲ။ အ၀ီစိရေက သောက်လို့မရတော့ သောက်ရေအတွက် အဝေးကို လှည်းနဲ့ သွားတွန်းရတယ်လေ။ လှည်းနဲ့ မတွန်းနိုင်ရင် ရေထမ်းနဲ့သွားထမ်းရတာပေါ့။ နွေရာသီရေဒုက္ခ က အတော်ကြီးကျယ်တယ်။  ရေကန် ရေခန်းပြီဆို ရပ်ကွက်ထဲက လူတွေက မြေကြီး တူးပြီးအိမ်တွေမှာ မြေအနိမ့်ကို ဖို့ကြတယ်။ အိမ်ဖို့တယ်ဆိုတာထက် ရေကန် နည်းနည်းပိုနက် ရင် နောင်နှစ်တွေရေများများ ဆန့်မယ်  ရေပိုနေမယ် ဆိုတဲ့ စေတနာပါ။ တစ်ဦးကို နည်းနည်းတော့ တူးလိုက်ကြတာပဲ။
ကန်က မြစ်နဲ့ နည်းနည်းနီးတော့ အရမ်းလဲ မတူးရဲဘူး မြစ်က ရေငန်ဝင်တယ်လေ။ အဲ့လိုဆိုတော့ မြစ်ရေသာ အောက် မှာ ပေါက်ရင်
ကန်ရေက သောက်လို့ ရတော့မှာမဟုတ်ဘူးကိုး။ကန်နဲ့ မြစ်နဲ့က နီးဆို ကိုက် ၂၀၀ ထက်ပိုမဝေးဘူး။ ပြီးတော့ရပ်ကွက်ထဲ ရေတွင်းတူး လိုက်တိုင်း  အောက်က ရေငံတွေ လိုက်လိုက်လာတာမြင်နေရတာကိုး။

(၂)
မှတ်မှတ်ရရ။ ကျွန်တော်တို့  ၇ တန်း နှစ်၊ ကန်ရေခန်းတဲ့ အချိန်၊ မတ်လပေါ့။ ရပ်ကွက်လူကြီးတွေ ရေကန်ဘောင်တစ်ဖက်ကို
ဖဲ့ချနေတာ တွေ့တော့ စပ်စုကြည့်တာပေါ့။ ဘာလုပ်မှာတုန်း ဆိုတော့။ ရေကန်ကြီးပိုနက်အောင် တူးမယ် ရတဲ့မြေကြီးကို ကားတွေ
နဲ့  သယ်မယ်တဲ့။ နောက်ရက်တွေကျတော့ တကယ်ပဲ လူတွေအများကြီးနဲ့  လာတူးကြတာပဲ။ ပြီးတော့ မြေကြီးတွေကိုကားတွေနဲ့ သယ်သယ်သွားတယ်။ ထူးခြားတာက ရပ်ကွက်လူကြီးတစ်ယောက်ရဲ့သားက ကားတွေဆီက ပိုက်ဆံထိုင်ကောက်နေတာပဲ။
တစ်စီး ၂၀၀၊ ၃၀၀ ကောက်တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ အလုပ် တစ်ညလုံးလုပ်မှ ၇၅ ကျပ်လောက်ရဖို့ အနိုင်နိုင်ဗျ။
ဒီကောင်ကတော့ ပိုက်ဆံတွေကောက် သုံးလိုက် စားလိုက်နဲ့။ စပ်စုကြည့်တော့ ပိုက်ဆံကို လူကြီး ၂ ယောက် ဝေယူကြတာဗျ။
သူ့ အဖေရယ် နောက်တစ်ယောက်ရယ်။ လက်စသတ်တော့ မြေကြီးတွေကို ရောင်းစားနေကြတာကိုးဗျ။

(၃)
အထက်ကပြောသလိုပဲ ကန်က မြစ်နဲ့ နီးတော့ ရေငန်ပေါက်မှာ စိုးရတယ်လေ။ အဲလိုဆိုတော့ ရပ်ကွက်ထဲက လူကြီးသူမတွေက
သူတို့ရဲ့ မြေကြီးရောင်းစားရေးစီမံချက်ကို ကန့်ကွက်ကြတာပေါ့။ ဒါပေမယ့်လဲ ဒီလူတွေ ဆက်လုပ်ကြတာပါပဲ။ မရပ်ဘူး။ ဘယ်သူ့
ကိုလွှဲချလဲဆိုတော့ မြို့နယ်အဆင့်ကို လွှဲချတယ်။ ဘယ်သူပြောပြော မရဘူးဗျ။ တူးတာပဲ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက အဲ့ဒီ တုန်းက နွေရာသီကျောင်းပိတ်ရက်ဆို သမ၀ါယမစက်ရေတွင်းကရေကို ကန်ထရိုက်ယူပြီးရပ်ကွက်ထဲ ရေလိုက်ရောင်းတာ။ ဆိုတော့
အဲဒီကာလမှာ နေ့နေ့ ညည ကျွန်တော်တို့က ရပ်ကွက်ထဲ ရှိတယ်လေ။ တစ်ညမှာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မယ် မြေကြီး
ရောင်းသူ အရပ်လူကြီးကိုတွေ့တော့ ကျွန်တော်က မနေနိုင်ဘူး မေးကြည့်တယ်။ အဘရယ် ဒီကန်ကို ဒီလောက်တူးနေ မှတော့  အောက်က ရေငန်ဝင်မှာ မစိုးရိမ်ဘူးလားလို့။ သူကဖြေတယ် ဟေ့ကောင် ကန်ဆိုတာနက်လေကောင်းလေပဲတဲ့။
နက်တာထက် ရေငန်ပေါက်တော့ ဘယ့်နှယ့် လုပ်ကြမတုန်းဆိုတော့။ ရေငန်ပေါက်ရင် ငါ့တာဝန်ထားကွာ ငါဖြေရှင်းမယ်တဲ့။

(၄)
သိပ်မကြာပါဘူး ဆယ်ရက်လောက်နေတော့ တူးရင်းတူးရင်း မြစ်ထဲက ရေငန်တွေ ကန်ထဲ ပေါက်လာတာပဲ။ ငါ့တာဝန်ထားကွာ ဆိုတဲ့လူ ကလဲ အမျိုးမျိုး လေကျယ်တုန်း  အဲ့ဒါလောက်များ လွယ်လွယ်လေး ဘယ်လိုလုပ်လိုက်ရင် ကောင်းမှာ။ နောက်တစ်နှစ်ဆို မ၀င်တော့ဘူး။ မိုးရွာရင်ကောင်းသွားမှာ ဘာညာနဲ့။  သူကသာအမျိုးမျိုး ပြောခဲ့တာ ခုတော့ ကျွန်တော်တို့ရပ်ကွက်မှာ မိုးတွင်းတောင်
ရေခပ်စရာ သောက်ရေကန်မရှိတော့ဘူးဗျ။ ရေက ညစ်ပုပ်ပုပ်နဲ့  ကြာလဲမပေါက်တော့ဘူး။ လျှော်ဖို့ ဆေးကြောဖို့လောက်ပဲ
သုံးလို့ရတော့တယ်။ အဲ့ဒီ မြေကြီးရောင်းစားခဲ့သူ ပုဂ္ဂိုလ်ကြီးကတော့ ဘာဖြစ်တယ်ဆိုလား မသိပါဘူး ရပ်ကွက်လူကြီး ကပြုတ်
သွားတယ်။ သူတို့ မှာ တာဝန်ရှိခဲ့တယ်ဆိုတာလဲ သူတို့  မမှတ်မိတော့ဘူးထင်ပါရဲ့။

(၅)
ရပ်ကွက်ထဲက လူတွေကတော့ တစ်ရပ်တည်းသားချင်း ပြီးတော့ ဆွေမကင်းမျိုးမကင်းတွေဆိုတာ့ ဘာမှ အကြီးအကျယ်မပြောကြပါဘူး။
ဒီလိုကိစ္စမျိုးကမလုပ်မှီက  ကြိုမြင် ကြိုတွေးထားမှ ဖြစ်မယ်မဟုတ်လား။ ဖြစ်ပြီးကာမှ ဘယ်သူ့ခေါင်း ပုံချ ပုံချ ပြန်ကောင်းလာမှာမှ မဟုတ်တာ။ ခုတော့ သောက်ရေရဖို့ ဆိုပြီး ဂျိုးဖြူပိုက်ရေ သွယ်ကြတယ်။ မထူးပါဘူးဗျာ ရေလှည်းသမားတွေပဲ အလုပ်ဖြစ်နေတာပါ။
ကျွန်တော်ကတော့ ကန်ကြီးဘေးက ဖြတ်သွားတိုင်း ဒါ တို့ငယ်ငယ်က သောက်ရေကန်ကြီးပါလားလို့ မတွေးပဲ မနေနိုင်ဘူး။
နောင်လာမယ့် ကလေးတွေကိုလဲ ပြောပြရဦးမယ် ကျွန်တော်တို့ ငယ်ငယ်က ရပ်ကွက်ထဲမှာ သောက်ရေကန်တစ်ကန် ရှိခဲ့ဘူးကြောင်းကို..........

Aug 22, 2011

ရင်ထဲထိတဲ့ခေါင်းဆောင်တွေ

ကျွန်တော့်အဖိုးက ကျွန်တော့်ကိုကျူးဘားခေါင်းဆောင် ကက်စက်ထရို အကြောင်းပြောပြဖူးတယ်။ ဒီလို ..
ကက်စက်ထရို ကျူးဘားခေါင်းဆောင်ဖြစ်ခါစက နိုင်ငံ့အကြီးအကဲ သားဆီကို သူ့အဖေရောက်လာရှာတယ်
သားရယ် အဖေတို့ကလဲအသက်ကြီးပြီ ငါ့သားလဲ လုပ်ပေးနိုင်တဲ့အခါဖြစ်တယ်။ အဖေတို့ အိမ်ကို မိုးလုံ လေလုံ
လေးဖြစ်အောင် ပြင်ပေးပါလား .. ဆိုပြီး တောင်းဆိုတယ်တဲ့။
ကက်စက်ထရိုက ပြန်ပြောတယ် အဖေရယ် အဖေ့သားက တစ်နိုင်ငံလုံးကအိမ်တွေကို ပြင်ဖို့တာဝန်ရှိတာပါ
အဖေ့အိမ်တစ်လုံးတည်းပြင်ရမှာ မဟုတ်ပါဘူးတဲ့။ ဒီတော့ တစ်နိုင်ငံလုံးကအိမ်တွေကောင်းရင် အဖေ့အိမ်ကောင်း
စေရမယ်လို့ သားအာမခံတယ်တဲ့။ သူ့အဖေအိုကြီးအိုမကို အိမ်မပြင်ပေးဘူး။ ခေါင်းဆောင်မို့လို့  အခွင့်အရေးယူတယ်
ထင်မှာစိုးလို့ပါတဲ့။

မော်စီတုန်း ခေါင်းဆောင်ဖြစ်ခါစက သူ့သမီးကို ခေါ်တွေ့တယ်။ သူ့သမီးက အဖေရယ် ၀က်သားနဲ့ထမင်းလေးကောင်းကောင်း
စားချင်တယ်တဲ့။ မော်က သူစားမယ့်ထမင်းကို သူ့သမီးကိုကျွေးလိုက်တယ်။ အော် ဥက္ကဌကြီးသမီးဆိုပြီးလဲ အိမ်မှာ ထမင်း၀၀
မစားနိုင်ရှာဘူး။

ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်း အကြောင်း အတွင်းရေးမှူးချုပ် ဦးသန့် ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတယ်။ အဲဒီတုန်းက
ဦးသန့်က ဦးနုရဲ့ ကိုယ်ရေးအတွင်းဝန်။ ဗီယက်နမ် သမ္မတကြီးကို သူတို့ ဧည့်သည်တော်အဖွဲ့   သွားတွေ့ ကြတယ်တဲ့။
သမ္မတကြီးအိမ်တော် ဧည့်ခန်းဆောင်ကိုအ၀င် လူတစ်ယောက် လာတံခါးဖွင့်ပေးတော့။ ဦးသန့်တို့က သမ္မတကြီးနဲ့ တွေ့ဖို့
ချိန်းဆိုထားပါတယ်ခင်ဗျာ။ တွေ့ပါရစေ .. လို့   ပြောလိုက်တယ်။ သာမန်ဖျင်အကျီ င်္ဝတ်ထားတဲ့ တံခါးဖွင့်ပေးသူက။
အစွမ်းကုန်ပြုံးပြပြီး ကျွန်တော် သမ္မတ ဟို ပါခင်ဗျားတဲ့။ အော်... အန်ကယ်လ်ဟို တံခါးဖွင့်ဖို့တောင် ၀န်ထမ်းမထားဘူး။
လုံခြုံရေးရှေ့ တစ်ကင်း နောက်တစ်ကင်းထားဖို့  ဆိုဝေးပေါ့။ ဟို ကပြောတယ်တဲ့ ကျွန်တော်က အိမ်တော်ကို နိုင်ငံတော်ဧည့်သည်လာမှသာ အသုံးပြုတာပါတဲ့။ ကျွန်တော်နေတာက ဟိုဘက်မှာပါတဲ့။
သူတစ်ယောက်တည်းနေပြီး ကဗျာရေးတဲ့ တဲသာသာအိမ်ကလေးကို လက်ညိုးထိုးပြတယ်။
ခေါင်းဆောင်ဆိုတာ ဒီလိုပါလားဗျာ။

ဝမ်ကျားပေါင်နဲ့   ဟူဂျင်တောင်း က သူတို့  ရာထူးတွေ ရပြီးပြီးချင်း ဘာလုပ်သလဲဆိုတော့တဲ့။
အမေရိကန်မှာ သူတို့ဘာသာ ပညာသင်သွားနေတဲ့ သူတို့ သားတွေကို ပြန်ခေါ်ပါတယ်တဲ့။
ဘာလို့လဲဆိုတော့ ပါတီအကြီးအကဲ  သမ္မတ ဝန်ကြီးချုပ်ရဲ့   သားတွေမို့လို့
နိုင်ငံခြားမှာ ကျောင်းထားတာဆိုပြီး လူထုက ထင်မှာစိုးလို့  တဲ့။ ဟိုလူတွေခင်ဗျာ မဆီမဆိုင်
ပြန်လာရရှာတယ်။ အဖေတာဝန်နဲ့ ခေါင်းဆောင်တာဝန် အဖေဂုဏ်သိက္ခာနဲ့ ခေါင်းဆောင်ဂုဏ်သိက္ခာ
ဘယ်ဟာပို အလေးထားရမလဲဆိုတာ နောင်လာနောက်သားကို ပြောပြနေသလိုပဲ။

ကျွန်တော်တို့ အားလုံးချစ်တဲ့  ပြောမဆုံးပေါင် တောသုံးထောင်အဖြစ်တွေနဲ့   ခေါင်းဆောင်ကတော့
ဗိုလ်ချုပ်အောင်ဆန်းပေါ့။ နိုင်ငံခေါင်းဆောင်ဖြစ်ပြီးမှ ပိုက်ဆံမရှိလို့   ရုပ်ရှင်ရုံမှာ  တက္ကသိုလ်နေဝင်းနဲ့
တစ်မူးတန်းကရုပ်ရှင်သွားကြည့် ရှေ့ဆုံးကနေ တစ်ဝါးဝါးနဲ့ရယ်တာ ပြန်တွေးရင် ဘယ်လောက်ချစ်ဖို့
ကောင်းလိုက်လဲနော်။
ကျွန်တော့် ဆရာ တစ်ယောက်က BDA ခေတ်တုန်းက တပ်ထဲမှာလုပ်ဖူးတယ်။ ရဲဘော်ပေါ့။
ငါတို့ကွာ စနေနေ့ out pass ထွက်လို့   ပိုက်ဆံမရှိရင်  ဗိုလ်ချုပ်ကားထွက်လာမယ့်လမ်းမှာ
စောင့်နေတာပဲတဲ့။  ကားလာရင်လက်ပြတား ပြီးရင်မုန့်ဖိုးတောင်းတာပဲတဲ့။ ဗိုလ်ချုပ်က မင်းတို့
ဘယ်နှယောက်လဲဟေ့ဆိုပြီး တစ်ယောက် ငါးမူးတစ်ကျပ် မုန့်ဖိုးပေးသွားတာပဲတဲ့။
သူကျတော့ကြည့်စမ်း တစ်မူးတန်းက ရုပ်ရှင်ကြည့်တယ်။ ဘယ်လောက်မြတ်နိုးဖို့  ကောင်းတဲ့ခေါင်းဆောင်လဲဗျာ။
စစ်တပ်ထဲသွားတော့ ဖိုကြီးကိုဝင်ကြည့်တယ်တဲ့။ ဝက်သားဟင်းနှစ်အိုးချက်ထားတော့ မေးတယ်။
ဘာလို့ တစ်အိုးတည်းမချက်သလဲလို့။  စားဖိုတာဝန်ခံကဖြေတယ် တစ်အိုးကရဲဘော်တွေဖို့   တစ်အိုးက အရာရှိတွေ
ဖို့  တဲ့။ ဗိုလ်ချုပ်က အရာရှိတွေကိုမေးတယ် မင်းတို့   ဒီလိုအမြဲလုပ်သလားတဲ့။ ဘာလို့   ရဲဘော်နဲ့ တန်းတူမစားနိုင်ရတာတုန်းတဲ့။
ပြီးတော့ တစ်အိုးတည်းရောခိုင်းတယ်။ အကုန် စစ်သားချည်းပဲ အတူတူပဲတဲ့  ဘယ်သူမှ ပိုအခွင့်အရေးမယူနဲ့တဲ့။
ဗိုလ်ချုပ်အကို ဦးအောင်သန်းက သူ့  ညီအိမ်သွားလည်တော့ ၀က်အူချောင်း တစ်ပန်းကန်နဲ့   ဗိုလ်ချုပ် ထမင်းစားနေတာ
တွေ့ခဲ့တယ်။ ဝက်အူချောင်းက နည်းနည်း။ ကလေးသုံးယောက်ကို တစ်ယောက်နည်းနည်းခွံ့ကျွေးတော့ ဗိုလ်ချုပ်မှာ
ထမင်းချည်းပဲစားလိုက်ရရှာတော့ ဦးအောင်သန်းခင်ဗျာ စိတ်မကောင်းရှာဘူးတဲ့။
အောင်ဆန်း အက်တလီစာချုပ် ချုပ်ဖို့အသွား အိန္ဒိယကိုဝင်တော့ ကုတ်အကျီ င်္က အစုတ်တဲ့။
နေရူးတို့  က ဗိုလ်ချုပ်ရယ် အဲလိုတော့ အင်္ဂလန်ကိုမသွားပါနဲ့   ဆိုပြီး ကုတ်အကျီ င်္တစ်ထည်ချုပ်ပေးလိုက်တယ်တဲ့။

ကျွန်တော်စဉ်းစားကြည့်မိတယ် သမိုင်းတစ်လျှောက်လုံး အဲလိုခေါင်းဆောင်တွေချည်းပဲဆို ဘယ်လောက်ကောင်းလိုက်မလဲလို့။
ခေါင်းဆောင်တွေကို ချစ်ခင်ချင်လိုက်တာဗျာ။
ခင်ဗျားတို့ရော....... ဘယ်လိုတွေးမိလဲ .............................................


--
Wai Lin Htet Thwin
韦林庭

Mar 13, 2011

ရှုပ်ထွေးဆဲအမှန်တရား

သန့်စင်တဲ့နေ့ရက်များ
ငါရှာတွေ့နိုင်ပါ့မလားကွာ
အတိုးတက်ဆုံးလူတွေရဲ့ကြားမှာ
မေတ္တာတရားဟာ
အိုမှေးမှိန်ခဲ့ရတာ.......

ငွေ၊ ရုပ်ပစ္စည်း၊ ကြွယ်ဝမှုတွေ၊ ရာထူးတွေ အဆင့်အတန်းတွေ ခင်ဗျား တန်ဖိုးထားတာဘာလဲ။
လူတော်တော်များများဟာ အရာတိုင်းကိုရိုးရိုးသားသားပဲမြင်တတ်တဲ့ ကလေးငယ်ငယ်လေးတွေလိုမျိုး  မရိုးသားကြတော့ဘူး။

မိတ်ဆွေစစ်ရှိရဲ့လား
ယုံကြည်တဲ့သူချင်းကောက်ကျစ်တာ
သစ္စာတရားဆိုတာ ဘာလဲကွာ
ကျောကို တံတားလို
ဖြတ်နင်းလို့သွားတတ်တာ............

လူတော်တော်များများမှာ ပေါင်းနှုတ်မြှောက်စား အတွက်အချက်တွေကပေးတဲ့ ဒါဏ်ရာ ရှိကြတယ်။
အနင်းခံရတဲ့ အဖြစ်တွေရှိခဲ့ဘူးကြတယ်။ နောက်ကျောကို ဓါးတစ်ဆုံးမကထိုးသွင်းတာ ခံခဲ့ဘူးကြတယ်။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ဆိုတဲ့စကားကသိပ်မှန်တယ်ဗျ။ လိုက်ပျက်လို့မဖြစ်ဘူး။
သူများတရားပျက်တာတွေက ကိုယ့်ဆီကို တည့်တည့်လာမှန်တာလဲ ရှိတာပဲ။
ကိုယ်စိုက်တဲ့ အပင်ကအသီးကို ကိုယ်စားသုံးရမယ်တဲ့။
သူတို့ အပင်ကအသီးကို သူတို့စားသုံးရမှာပါ။
ကျွန်တော်တို့ ခင်ဗျားတို့က သူတို့စိုက်တဲ့အပင်မျိုးလိုက်မစိုက်မိဖို့ပဲလိုတယ်။

လူသားသိပ်ဆန်တဲ့လူတွေ လူသားအတ္တ အပြည့်အ၀မက ရှိနေတဲ့သူတွေရဲ့အဖြစ်ကို
ဝိုင်ဝိုင်းက ဒီသီချင်းလေးမှာဆိုထားတယ်။
ခေါင်းစဉ်နဲ့ တေးရေးဆရာကိုကျွန်တော်မသိဘူး။
တေးရေးဆရာကို လေးစားဂုဏ်ပြုပါတယ်။

ငါ့စိတ်ထဲပိုပြီးရှုပ်ထွေးလာ
ဦးဏှောက်နဲ့ခံစားမယ်
နှလုံးသားနဲ့ချိန်စစ်မယ်
အားလုံးဟာရှုပ်ထွေးစွာ
လူတွေကိုမြင်နိုင်အောင်ညဏ်မမှီပါ
မြင့်မြတ်တဲ့ဒီမေတ္တာ
အသွားတုံးတဲ့လှံတစ်စင်းပါ
ငါ့စိတ်ထဲမှာရှုပ်ထွေးဆဲပါလား...............

မေတ္တာတရားဟာ အစွမ်းထက်တဲ့လက်နက်ပါတဲ့ ရှေးစကားပေါ့ဗျာ။
ခုလူတွေကျ မေတ္တာလက်နက်လဲ မစူးကြတော့ဘူးတဲ့။ အသွားတုံးတဲ့လှံတစ်စင်းလိုဖြစ်သွားပြီတဲ့။
ဟုတ်ပဗျာ
ကျွန်တော်တို့ မေတ္တာတွေပေးတိုင်းလဲ မေတ္တာကို ပြန်ရခဲ့ကြတာမှ မဟုတ်တာ။
ကျောကိုပဲဖြတ်နင်းသွားတတ်ကြတာပဲ။
သူတို့က နှလုံးသားနဲ့ခံစားကြတာမဟုတ်ဘူးတဲ့။
ဦးဏှောက်နဲ့ ခံစားတာတဲ့။ လောဂျစ်တွေထဲ ထည့်တွက်လိုက်တယ်။ ပိုသာတယ် မြတ်တယ်ထင်ရင် အရသာတွေ့။
ပြီးတော့မှ နှလုံးသားထဲကနေ တစ်စိမ့်စိမ့်ကြည်နူးပြီးချိန်စစ်။
သီချင်းစာသားတွေက ပေးတဲ့ ဒသနက လောကကြီးနဲ့ ကွက်တိဝင်နေရောပဲ။
အတ္တ
ကိုယ်ကျိုး
တပ်မက်မှု
အတွက်အချက်တွေကြားမှာ
အမှန်တရားဆိုတာ ဘာလဲတဲ့
သစ္စာတရားဆိုတာဘာလဲတဲ့။

ဒီသီချင်းက မေးခွန်းတစ်ခု ကျွန်တော့်ကိုပေးတယ်။
မေတ္တာတရားကို လူတွေအပေါ် အမြဲမပြတ်ထားသင့်သလား မသင့်ဘူးလား ဆိုတာ
ခံခဲ့ရသလောက် မေတ္တာပေးတိုင်း ဒဏ်ရာရခဲ့ဘူးတာဆိုတော့
စဉ်းစားစရာဖြစ်လာမိတယ်။
မိတ်ဆွေထက်မကဘူးလို့ ကိုယ်က သတ်မှတ်ပေမယ့်လည်း
ရန်သူထက်ပိုကောက်ကျစ်ချင် ကောက်ကျစ်၊ ရန်သူထက်ပိုရက်စက်ချင် ရက်စက်နေတာကိုး။
အို..... ဘာပဲဖြစ်ဖြစ် မေတ္တာတရားနဲ့မတည့်တဲ့သူတွေရှိနေလည်း။
မေတ္တာတရားကို ဆက်ပြီးထွန်းညှိထားရအောင်ပါဗျာ။
နာမည်ကိုက မေတ္တာတရားပဲလေ ဓမ္မပေါ့ဗျာ။ ဓမ္မမရှိတဲ့သူနဲ့ ဘယ်တည့်မတုန်း၊ ဘယ်နားလည်ခံစားမတုန်းဗျနော။
မေတ္တာတရားဟာ ကျွန်တော်တို့ စိုက်သင့်အပင်ပဲလေ
တစ်ချိန်ချိန်မှာတော့ ချိုမြိန်တဲ့ အသီးစားရမယ်ထင်ပါတယ်။
အဲဒီအခါကျ ကျောကဒဏ်ရာတွေလဲ သက်သာကောင်းသက်သာနိုင်ပါရဲ့.............
ကျွန်တော် ထုတ်လိုက်မိတဲ့အဖြေပါ တေးရေးဆရာခင်ဗျား။

သန့်စင်တဲ့နေ့ရက်များ
ငါရှာတွေ့နိုင်ပါ့မလားကွာ
အတိုးတက်ဆုံးလူတွေရဲ့ကြားမှာ
မေတ္တာတရားဟာ
အိုမှေးမှိန်ခဲ့ရတာ

မိတ်ဆွေစစ်ရှိရဲ့လား
ယုံကြည်တဲ့သူချင်းကောက်ကျစ်တာ
သစ္စာတရားဆိုတာ ဘာလဲကွာ
ကျောကို တံတားလို
ဖြတ်နင်းလို့သွားတတ်တာ။

ငါ့စိတ်ထဲပိုပြီးရှုပ်ထွေးလာ
ဦးဏှောက်နဲ့ခံစားမယ်
နှလုံးသားနဲ့ချိန်စစ်မယ်
အားလုံးဟာရှုပ်ထွေးစွာ
လူတွေကိုမြင်နိုင်အောင်ညဏ်မမှီပါ
မြင့်မြတ်တဲ့ဒီမေတ္တာ
အသွားတုံးတဲ့လှံတစ်စင်းပါ
ငါ့စိတ်ထဲမှာရှုပ်ထွေးဆဲပါလား။

မိတ်ဆွေစစ်ရှိရဲ့လား
ယုံကြည်တဲ့သူချင်းကောက်ကျစ်မလား
သစ္စာတရားဆိုတာ ဘာလဲကွာ
ကျောကို တံတားလို
ဖြတ်နင်းလို့သွားတတ်တာ။

ငါ့စိတ်ထဲပိုပြီးရှုပ်ထွေးလာ
ဦးဏှောက်နဲ့ခံစားမယ်
နှလုံးသားနဲ့ချိန်စစ်မယ်
အားလုံးဟာရှုပ်ထွေးစွာ
လူတွေကိုမြင်နိုင်အောင်ညဏ်မမှီပါ
မြင့်မြတ်တဲ့ဒီမေတ္တာ
အသွားတုံးတဲ့လှံတစ်စင်းပါ
ငါ့စိတ်ထဲမှာ
ဦးဏှောက်နဲ့ ခံစားမလား ......
ရွှေငွေတွေ ကိုယ်ကျိုးရှာ
လူတွေကိုမြင်နိုင်အောင်ညဏ်မမှီပါ
မြင့်မြတ်တဲ့ဒီမေတ္တာ
အသွားတုံးတဲ့လှံတစ်စင်းပါ
ငါ့စိတ်ထဲမှာ
ရှုပ်ထွေးဆဲ အမှန်တရား...................................

သီချင်းလေးကို ဒီနေရကနေ ရယူ နားဆင်ကြည့်ပါဗျာ  http://www.filejumbo.com/Download/9DEF6D42A62BA447

(ခံစားမိသော သီချင်းလေးတစ်ပုဒ်အကြောင်းပါ)

Feb 4, 2011

ဗုဒ္ဒဘာသာအကြောင်းတွေးတတ်သလိုတွေးကြည့်ခြင်း

ငယ်ကတည်းက ဗုဒ္ဓဘာသာအကြောင်းကို ခန ခန စဉ်းစားမိတယ်။ ဘာလို့ ငါ ဗုဒ္ဓဘာသာဖြစ်ရတာတုန်း ဘာလို့ ဗုဒ္ဓကိုကိုးကွယ်ရတာတုန်းဆိုသလိုပေါ့။
ကျွန်တော်မှတ်မိသလောက် ပထမဆုံးကြားခဲ့ရတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ စကားက တော့ ကျွန်တော့်အဖွားလေးတော်တဲ့ အဖွားကပြောတာ သူက ဥပုသ်စောင့်က ပြန် အလာ ကျွန်တော်ကမေးကြည့်တာ ဥပုသ်စောင့်တော့ ဘာတွေလုပ်ရတုန်းဆိုတော့ သီလယူရတယ် တရားနာရတယ်တဲ့။ သူက သူနာခဲ့တဲ့တရားကိုပြန်ပြောပြတယ် နိဗ္ဗာန်ဆိုတာရှိတယ်၊ သိပ်ကောင်းတာပဲတဲ့၊ စားစရာလဲမလိုဘူး၊ အလုပ်လုပ်စရာလဲ မလိုဘူးတဲ့ သူက ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ရှိတဲ့နေရာတဲ့။ ခုထိမှတ်မိသေး။ အဲဒီအရာကို စ စိတ်ဝင်စားမိတာပဲ။ အဲဒီမှာလူတွေက ဘာလုပ်ကြတာတုန်းပေါ့။ စာအုပ်တွေထဲမှာက နတ်အကြောင်း ဗြဟ္မာအကြောင်းက ဂိတ်ဆုံးတာကိုး။ နိဗ္ဗာန်က လူတွေအကြောင်းတော့ မပါပဲကိုး။
နိဗ္ဗာန် …နိဗ္ဗာန်… လူတွေသေရင် နိဗ္ဗာန်ယာဉ်နဲ့ လာလာသယ်တာတော့တွေ့  ဘူးသားပဲ။ဒါပေမယ့် သူတို့ သွားတာ သချိ င်္ုင်းပဲ နိဗ္ဗာန်မှမဟုတ်တာပဲ။
စပ်စုနိုင်တဲ့အရွယ် စာအုပ်တွေရှာဖတ်နိုင်တဲ့ အရွယ်ကျတော့ နိဗ္ဗာန်အ ကြောင်း ဆက်ပြီးစပ်စုတာပဲ။ အသိတွေကတော့ ၀ိုးတိုးဝါးတား။ နိဗ္ဗာန်နဲ့ ဗုဒ္ဓဘာသာ အကြောင်းကိုခြေခြေမြစ်မြစ်စပြီးဖတ်မိတာ ၇ တန်းနှစ၊် သူငယ်ချင်းတစ်ယောက် ယူလာ ပေးတဲ့စာအုပ် ဆရာနန္ဒသိန်းဇံရဲ့  “အတွေးအခေါ်တို့ ၏ လွင့်မြောခြင်းနှင့် လူ၏ဆောက်တည်ရာ” စာအုပ်။ အမှန်ပြောရရင် အဲဒီစာအုပ်ကို နိဗ္ဗာန်အကြောင်း သိချင် လို့  ဖတ်တာမဟုတ်ဘူး ဗုဒ္ဓဘာသာအကြောင်းသိချင်လို့ ဖတ်တာမဟုတ်ဘူး။ စာအုပ် အစပိုင်းက အနောက်တိုင်းကလူတွေ ကမ္ဘာကြီးဘယ်လိုဖြစ်လာသလဲ ဆိုတာကို တွေးတဲ့အကြောင်းကိုရေးထားတာ Super Hyphon အလုံးကြီးကနေစပြီး စကြာဝဠာတည်ပုံကို ရှင်းပြတဲ့ Hypothesis တွေ အဲဒါတွေကို အသည်းအသန် သဘောကျလို့ ဖတ်ရင်း ဖတ်ရင်းနောက်ဆုံးပိုင်းက ဗုဒ္ဓ၀ါဒနဲ့  နိဗ္ဗာန် အကြောင်း ရောက်သွားတာပဲ။ ဟ ဟုတ်ပဟ နိဗ္ဗာန်၊ ဗုဒ္ဓဘာသာ ဒီလိုပါလား။ အဲလိုနဲ့ ပဲ တရား စခန်းလဲသွားလိုက်တာပဲ ဘာသာရေးစာအုပ်တွေလဲ မှီသလောက်တော့ ဖတ်လိုက် တာပဲ။ ခြေခြေမြစ်မြစ်သိလိုတဲ့ စိတ်အရင်းခံပေါ့။ ငယ်တုန်းကကောင်းတဲ့ဘက်က လောဘကလဲကြီးသကိုး။ ခုနဲ့ များ တစ်ခြားစီပဲ။
ကျွန်တော်ရှင်းရှင်းသိသလောက်ဖေါက်သည်ချချင်တယ် ဗုဒ္ဓ၀ါဒဟာဘယ်လို တစ်ခြားဝါဒတွေနဲ့ ကွဲပြားသလဲဆိုတာက ပြောပြချင်တယ်ခင်ဗျာ။ ဆရာလုပ်တယ် လဲ မထင်နဲ့ ဦးနော်။ မသိသေးတဲ့သူဖတ် အမြတ်ပဲဆိုပြီးပြောပြချင်တာပါ။ အခြားဝါဒ တွေနဲ့  ဗုဒ္ဓရဲ့ ဝါဒ အခြားနားဆုံးအချက်တွေကို တွေးမိ သိမိသလောက်လေးပေါ့ဗျာ။
၁။ ဗုဒ္ဓ၀ါဒသည် ကမ္မ၀ါဒ
အကြောင်းကြောင့် အကျိုးဖြစ်တယ်။ အဲဒါပဲ အရင်းခံက။ အရာရာတိုင်း ဟာ အကြောင်းတရားတွေနဲ့ ဆက်နွယ်နေတယ်။ ယခင်က အကြောင်းတွေကြောင့် ယခု အကျိုးဖြစ်ရတယ်။ ယခုဖြစ်စဉ်တွေဟာ အနာဂါတ်အတွက် အခြေခံ အကြောင်း တရားတွေဖြစ်တယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ မဟာဓမ္မစကြာ၊ ပဌာန်းဒေသနာ၊ ပဋိစ္စသမုပ္ပါဒ် စတဲ့ တရားတော်ကြီးတွေ မဟာအတွေးအခေါ်ကြီးတွေ အားလုံးဟာ ဒါကိုအရင်း တည်တာပဲ အကြောင်းတရားကြောင့် အကျိုးတွေဖြစ်ရတယ်ဆို တာပဲ အနှစ်ချုပ်က။
ဗုဒ္ဓအရင် ၀ါဒတွေ နောက်ပေါ်တဲ့ ၀ါဒတွေ အားလုံးဟာ ဖန်ဆင်းတဲ့ပုဂ္ဂိုလ် ရှိတယ် သူ့ အလိုကျနေရမယ်။ သူစီရင်သလိုခံရမယ်။ အားလုံးရဲ့ အနှစ်ချုပ်က ဒါပဲ။
အဲဒီတော့ ဗုဒ္ဓဟောတာသည် သင်ပြုသမျှသင့်ကံအကြောင်း၊ တစ်ခြားဝါဒ များသည် အဲလိုမဟုတ် တစ်ဦးသောပုဂ္ဂိုလ်ဟာကိုယ့်ကံကို ဖန်တီးနေတယ်။




၂။ ဗုဒ္ဓ၀ါဒတွင် သစ္စာတရား (၄)ပါးရှိသည်။
ဗုဒ္ဓ၀င်ကိုပြန်ဖတ်ကြည့်ပါဗျာ။ ဒီလောက် ကြွယ်ဝချမ်းသာတဲ့ ရှင်ဘုရင်ဟာ ဘာလို့ များ တောထွက်တရားကျင့်ရပါသလဲ။ ဇာတ်နိပါတ်တွေ ရှေးဘ၀တွေ ခနထားပါဦး။ လက်တွေ့ ဘ၀နဲ့ ယှဉ်ပြီးပဲစဉ်းစားရအောင်။ သုမေဓါရှင်ရသေ့တို့ ဘာ တို့  အကြောင်းဆိုတာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မှ ပုဗ္ဗေနိဝါသ ဖြစ်မှသိတာပါ။ ဆိုလိုတာက အဲသလိုငါဆုတောင်းခဲ့ ပါရမီဖြည့်ခဲ့လို့  ငါအခုတောထွက်ကျင့်မယ် ဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော့်အမြင်ပြောရင် သိဒ္ဓတ္ထမင်းသား တော ထွက်ခြင်းဟာ Magic မဆန်ဘူး ဂန္ဓာရီမဟုတ်ဘူး လက်တွေ့ ဆန်တယ်။ အိုမှု နာမှု သေမှု ကို အခုလက်တွေ့ ကြောက်လို့  အခု လက်တွေ့ ပဲ အဲဒါကဝေးအောင် လုပ်မဟေ့ဆိုပြီး ထွက်သွားတာပါပဲ။ စဉ်းစားကြည့်တယ် သူ့ လက်တွေ့ ဘ၀မှာ မယားနဲ့  အသစ်စက် စက် သားငယ်လေး ရာဟုလာနဲ့  ထီးနဲ့  နန်းနဲ့  အခြွေနဲ့ အရံ နဲ့  နန်းတော်တောင်သုံးမျိုးရှိတာပဲ။ သိဒ္ဓတ္ထမင်းသားစည်းစိမ်ကို အာရှတိုက်ရဲ့ အ လင်းရောင်ကဗျာထဲ ဖတ်ကြည့်ပါလား။ အိုး … သွားရည်ကျသွားမယ်။
အဲဒီတော့ ဒီလို စည်းစိမ်ကြားထဲကမှ ဘုရားအလောင်း တွေးကြောက်တာ သည် ဒုက္ခ။ အဲဒီတော့ ကျွန်တော်ဒီလိုပြောချင်တယ် ဗုဒ္ဓဘာသာသည် ဒုက္ခကိုကြောက်သဖြင့် ပေါ်ပေါက်လာရသည်လို့ ။ အခြားဘယ်ဝါဒမှ ဒုက္ခကို ကြောက်လို့ ဖြစ်တည် လာတာ မဟုတ်ပါဘူး။ သိဒ္ဓတ္ထရဲ့ ခေတ်မှာ ခေတ်စားနေတဲ့ ၀ါဒတွေက တပုံကြီးဗျ။ မအို ကြောင်းဗျာ လက်တွေ့ ပြနိုင်ပါရဲ့  ယောဂီဆာဒူးတွေ အသက်ကြီးပြီး ရုပ်ရည်နုပျို နေတာအများကြီး။ ဒါပေမယ့် ခနပဲ သူလဲအိုမှာပဲ ရှေ့  မှာ သူလိုလူတွေ အိုခြင်းဒုက္ခခံခဲ့ရတာပဲ။ သိဒ္ဓတ္ထ အားမရဘူး။ မသေအောင် ကျင့်တဲ့နည်းတွေလဲ ရှိသမှ အသက်အရှည်ကြီးဖြစ်အောင် လုပ်တဲ့နည်းတွေ သေလို့  ရှိရင်လဲ အသက်အတိုင်း အဆမရှိဗြဟ္မာဖြစ်အောင်ကျင့်ကြံနည်း။ သိဒ္ဓတ္ထကတော့ ဒါလဲ တည်ရှိနေတယ် ဆိုကတည်းက ပျက်သုဉ်းစရာ ရှိလာမှာပဲ တွေးမိတယ်။ အားမရဘူး။ ၀ါဒ အလုံးစုံကို ခြေခြေမြစ်မြစ်လေ့လာ ကျင့်ကြံတယ် အားမရဘူးခင်ဗျ။
မင်းသား ကိုယ့်ခန္ဓာကိုယ်ကို ဆရာတင်ပြီး ကျင့်တော့တာပဲ။ အတိုင်းအဆ မရှိ သော လုံ့ လ အတိုင်းအဆမရှိသော ဇွဲ သတ္တိနဲ့ ကျင့်ကြံခဲ့တယ်။ ဖြစ်တည်မှု တွေရဲ့ ဒုက္ခ ကနေ ဘယ်လိုလွတ်အောင်လုပ်ရမတုန်း။ အဲဒီမေးခွန်းလေးတစ်ခုကို အဖြေသိဖို့  ဘုရားအလောင်း အရိုးကျေကျေ အရေခန်းခန်း ကျင့်ကြံခဲ့တော့။ နောက်ဆုံး သဗ္ဗညုတ ဘုရားရှင်ဖြစ်ခဲ့တာပဲ။
အရာအားလုံးသည် ဒုက္ခ။ ခင်ဗျားစိတ်ထဲကတော့ ငြင်းချင်ချင်နေမှာပါ။ ဘုရားဟောမို့ လို့ သာ။ ခင်ဗျားမှာ တွယ်တာစရာမိသားစုနဲ့  တက်မက်စရာချစ်သူနဲ့  မစွန့် ခွါနိုင်တဲ့ အလုပ်အကိုင်နဲ့ ဂလိုဖြစ်ချင်ဖြစ်နေမှာ ဆိုတော့။ ဘာကြီးကဒုက္ခတုန်း။ တားလဲတိဝူး။ အဲလိုနေမှာ။ နမူနာအဖြစ်ပြောမယ်ဗျာ ခင်ဗျားချစ်သူသည် ခင်ဗျားအတွက် သုခတုံးကြီး။ ဟုတ်တယ်ဟုတ်။ စကားလေးပဲပြောရရ။ အနားလေး ပဲကပ်ရရ။ အိုကေ။ သူကခင်ဗျားကိုလမ်းခွဲသွားမယ်။ အဲဒီမှာဒုက္ခ။ ပူလောင်ရပြီ။ ခံစားရပြီ။ မခွဲဘူးဗျာ ကျုပ်ချစ်သူကလို့ ဆိုမယ်။ ထား … မသေဘူးတဲ့လား သူက။ အိုး … ကလေး တွေရ မြေးတွေရလို့  အသက် ၇၀ကျော် မှသေလဲ ခင်ဗျား သူငယ်မပြန် သေးဘူး အယ်လ်ဇိုင်းမားမဖြစ်သေးဘူး မယားငယ်ယူချင်စိတ်မရှိဘူးဆို ဒုက္ခမှ အကြီးအကျယ်ဗျာ။ အဲဒီအခါမျိုးကျ သုခရခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားမိရင်တောင်မှ ပီတိမဖြစ်ဘူး မျက်ရည် ပေါက်ပေါက်ကျရတဲ့ ဒုက္ခဗျာ။
သူများကိုခနထားဦး။ ခင်ဗျားခန္ဓာကိုယ်လေးပြန်ကြည့်။ မျက်လုံးလေး ဗျာ။ ကောင်းလိုက်တာ။ စာလဲဖတ်လို့ ရ။ အင်တာနက်လေးလဲကြည့်လို့ ရ။ လှတ ပတလေးများတွေ့ လဲ သရိုးသရီဖြစ်ရ။ အမိုက်ပဲဗျ။ မျက်လုံးလေးရှိရတာ ကောင်း လိုက်တာနော့။ ဟော အကြောင်းအရာလေးတစ်ခုကြောင့်များ မှုန်လာသတဲ့ဗျာ ၀ါးလာသတဲ့ဗျား။ သွားပြီ ဘယ်မှာလဲ မျက်လုံးရဲ့ သုခ။ ရုံးစာလေးဖတ်ဖို့ တောင် မျက်မှန်မပါမဖတ်နိုင်ဘူးဆိုတဲ့အခါ ချီးကျူးပါဦးပါ့မလား ဒီမျက်လုံး။ ကောင်းလိုက် တာပြောပါ့ဦးမလား။ တော်ပြီဗျာ ခင်ဗျားခန္ဓာကိုယ်ကြီးအကြောင်းဖြင့် မပြောတော့ ပါဘူး။ ကင်ဆာတွေ အေတွေ ဘီတွေ။ မဦးမချွတ်ဆိုပြီး ကြိမ်ဆဲနေဦးမှာ။
အရာတိုင်းဟာ ဒုက္ခချည်းပဲ။ ဘယ်အရာလေးကိုမဆိုပြန်တွေးကြည့် ရှိတဲ့ ဒုက္ခနဲ့ မရှိတဲ့ဒုက္ခ ၂ မျိုး ၂စားပါပဲ။ မော်တော်ကားဗျာ ရှိတော့ ဆီထည့်ဦးဟ ဒရိုင်ဘာငှားဦးဟ ထားစရာစီစဉ် လိုင်စင် အိုး …. ဒုက္ခ။ ဒီကြားထဲ something များ wrong သွားမှဖြင့်။ တွေးကြည့်။ ရှိတဲ့ဒုက္ခလဲ မသေးဘူး။
ခင်ဗျားဖုန်းကလေးဗျာ ရှိတယ် မိုးလင်းကတည်းကအိပ်တဲ့အထိ အသုံးတည့် လွန်းလို့  ကောင်းတယ်ဗျာ…. ဟိုလူနဲ့  ဒီလူနဲ့  ဘာဂလိုတွေနဲ့ ။ မီးကတော့ အဆင်ပြေသလိုကြူလိုက်တာပဲဆို အိုကေနေတာပဲ။ တစ်နေ့ သား တက္ကစီပေါ် မှာပဲလား၊ ရုံးမှာပဲလား၊ ကော်ဖီဆိုင်မှာလား၊ အိတ်ထဲလဲမတွေ့ ဘူး ဆိုတဲ့ အဖြစ် မျိုးကြုံတော့ အဲဗျာ မရှိတဲ့ဒုက္ခ။ ဘယ်မလဲသုခတွေ။ အောင်မယ်လေး ပြန်ရတာတောင်မှ အမှတ်တရ ချောင်းသာမှာ ရိုက်ခဲ့တဲ့ မပေါ်တပေါ်ပုံလေးတွေ။ ချစ်ချစ်နဲ့  ဟိုသင်း သည်သင်းတွေ အွန်လိုင်းပေါ်ရောက်သွားမှ။ ဟား .. ဟား…။အဲလိုတောင်ရယ်နိုင်မှာမဟုတ်ဘူး။ ဘယ်မလဲ သုခတွေ။
အဲဒီတော့ ကျွန်တော်တို့ ရဲ့ ဖြစ်တည်သမျှဟာ ဒုက္ခ။ ဆာတာ မစားနိုင် သေးရင်လဲဒုက္ခ။ ဘယ်သူကများ ထ က မတုန်း။ အိပ်ငိုက်တယ်ဗျာ အစည်းအဝေးခန်းထဲ မျက်လုံးတောင်မနည်းဖွင့်နေရတယ်…… ဒုက္ခ။ မနက်မိုးလင်း ရစ်ခနဲ ရစ်ခနဲနေတုန်း အိမ်သာကမအား ….. ဒုက္ခ။ အသေးစားလေးတွေတောင်မှ ကြုံနေစဉ်ခနလေးမှာ ကြိတ်မနိုင်ခဲမရ ဒုက္ခကြီးတွေပါဗျာ။ ကျွန်တော်တို့  ခင်ဗျားတို့  က လူဖြစ်ရတာ ကျေနပ် ပြီး လောကီဘောင်ကျင်လည်နေလို့ သာ ဒုက္ခတွေနဲ့  ယဉ်ပါးနေလို့ သာပါ။
အဲဒီ ဒုက္ခတွေရဲ့ အရင်းခံ တရားခံသည် မည်သူနည်း။ ဆိုတော့ အဲဒီဒုက္ခ လေးကို ရချင်တဲ့ တွယ်တာချင်တဲ့ စိတ် ပါ တဲ။့ ဗုဒ္ဓ၀ါဒမှာကျ သည်လိုဟောတယ်။ သမုဒယ ပါတဲ့။
တွယ်တဲ့ နှောင်တဲ့သဘောလေးပါတဲ့။ နတ်လေချွန်ကြားဖူးသလား။ မမေး ဖူး ဘူးရင်တောင် သူများမေးတာပြန်ပြောပြတာကြုံဖူးမှာပဲ။ သေသည်၏ ဟိုဘက်မှာ တောင် သည်ဘက်ကလူတွေကို တွယ်နှောင်နေသေးတယ်ဗျာ။ အဲသည်လို ငြိမ်ငြိမ် ဆိမ်ဆိမ် ငြိမ်းငြိမ်းချမ်းချမ်းမနေချင်ပဲ ဟိုဟာလေးကိုစွဲ သည်ဟာလေးကိုတွယ် ဆိုတဲ့ သဘော ဟာဖြင့် သမုဒယပါပဲတဲ့။ အဲဒီသမုဒယကြောင့် ဒုက္ခဖြစ်ရတာပါတဲ့။ သမုဒယ မပြတ်သေးတော့ လူဖြစ်၊ နတ်ဖြစ်၊ တိရစ္ဆာန်ဖြစ်နဲ့ အကုသိုလ် ၀ဋ်ကြွေး ပါရင် ငရဲသား ဖြစ်နဲ့  ဒုက္ခကို မပြတ်ပါဘူးတဲ့။ ထပ်ခါ ထပ်ခါ အဖန်ဖန် ကြုံရ တာပါတဲ့။
ဒုက္ခသစ္စာဟာတော့ဖြင့် ကျွန်တော့်သဘောပြောရရင် ဗုဒ္ဓ မြတ်စွာမပေါ်ခင်က တည်းကရှိတဲ့သစ္စာလို့ ပြောချင်တယ်။ ပုံပမာတင်ရင် ပုစ္ဆာသစ္စာ ဆိုပါတော့။ သိဒ္ဓတ္ထ မင်းသားလဲ ဒီပုစ္ဆာကြောင့် တောထွက်ရ ဘုရားအဖြစ်ရောက်ရပါတယ်။
တရားခံကတော့သိပြီပေါ့ ဒါ လက်သည်သမုဒယကြောင့်။ ဟုတ်ပြီ ပျက်တာ ကို လဲသိတယ် ဘယ်နေရာက ဘာကြောင့် ဒီဟာပျက်လဲ ဆိုတာလဲသိပြီ။ ကဲ ပြင်လိုက် ကြရအောင်ဗျာ။
ဗုဒ္ဓဘုရားက ဒီပုစ္ဆာ၊ ဒီ looping ထဲက ဘယ်လိုထွက်ရမလဲဆိုတော့တဲ့ မဂ္ဂင် (၈) ပါးဆိုတာ ကောင်းမွန်မှန်ကန်စွာနေရင်ဖြင့် တည့်မတ်လျော်ညီစွာနေရင်ဖြင့် ဒီ looping ဒီ စဉ်ဆက်မပြတ်ဖြစ်စဉ်ကနေထွက်မြောက်နိုင်ပါသည်တဲ့။
အဲသလို ကောင်းမွန်မှန်ကန်စွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လွတ်မြောက် ရာသစ္စာ အမြတ်ဆုံးသစ္စာ၊ ဘယ်ဝါဒမှာမှမရှိသော ကျွန်တော်တို့ ဗုဒ္ဓ၀ါဒ မှာသာ ရှိသော နိရောဓ လွတ်မြောက်ရာကို ရရှိပါလိမ့်မည်တဲ့။ အဲဒီနိရောဓ ဆိုဒါဟာဖြင့် နိဗ္ဗာန်တရားကို တွေ့ ရှိ သိမြင်ခြင်းကိုဆိုလိုပါတယ်။
အဲဒီတော့ ဗုဒ္ဓ၀ါဒ၏ အချုပ်ဟာဖြင့် ဘယ်သူမှ မိမိကို စီရင်လို့ မရ၊ မိမိကြမ္မာ မိမိဖန်တီးပါသည်။ မိမိ၏ ဖြစ်တည်မှုတွေမှာ ဒုက္ခတွေအများကြီးရှိနေပါသည်။ အဲသည် ဒုက္ခတွေဟာ သမုဒယကြောင့်ဖြစ်ပါသည်။ အဲသလို သမုဒယတွေ ဒုက္ခတွေကို ကျော်လွန်ငြိမ်းအေးချင်ရင်ြဖင့် မဂ္ဂင် (၈) ပါးကျင့်စဉ်ကိုကျင့်ပါ နိဗ္ဗာန် လို့  ခေါ်ဆိုသော အမတကိုရရှိရာ နိရောဓသစ္စာကိုရပါလိမ့်မည်။
ဘ၀ဆိုတာ ဖြစ်တည်မှုဆိုတာ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဒုက္ခဆိုပြီးသိရမယ်တဲ့၊ အဲဒါရဲ့ တရားခံ တွယ်တာနှောင်တည်းတဲ့ သံယောဇဉ်သမုဒယတွေကို ပယ်ရမယ် တဲ့။မဂ္ဂသစ္စာ ကို မဂ္ဂင် (၈)ပါးကျင့်စဉ်ဖြင့် ဆိုက်ရောက်ရမည်တဲ့။ ဆိုက်ရောက်ပြီး သကာလ နိရောဓသစ္စာကို ပွါးများရမည်တဲ့။ ပရမတ္ထသံခိပ်ထဲက ထိပ်ဆုံးစာသား လေး လယ်တီ ဆရာတော်ကြီးဖွဲ့ ဆိုထားတာက စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ် လေးရပ် ပရမတ်။ သိ၊ ပယ်၊ ဆိုက်၊ ပွါး လေးပါးကိစ္စအမှန်ရ မုချ ပရမတ်။ ပေါ့။
သုံးသပ်ကြည့်ရအောင်ဗျာ။ မမြင်ရတာ၊ လက်တွေ့ နယ်ပယ်ကနေကျော် လွန်တာ ဘာများရှိပါသလဲ ဗုဒ္ဓ၀ါဒမှာ။ ခင်ဗျားပြောမယ် နိဗ္ဗာန်ကိုဖြင့် မမြင်ရဘူး ဗျာလို့ ။ ခုမပြောပါနဲ ။့ကျင့်ကြံကြည့်ပါဦး။ လေ့လာကြည့်ပါဦး။ တွေးဆကြည့်ပါဦး။ ရိတ် တိတ် တိတ်တော့သိလာမှာပါ။ တစ်ခုပြောချင်တယ် ဗုဒ္ဓ၀ါဒဟာ သာသနာသက် ၂၅၀၀ ကျော်ခဲ့ပါပြီ။ အဲဒီကာလတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခဲ့သော ရဟန္တာ အရှင်မြတ်ပေါင်းများစွာရှိခဲ့ပါပြီ။ လူသာဝကပေါင်းများစွာရှိခဲ့ပြီ။ မြန်မာနိုင်ငံ မှာလဲ ကျွန်တော်တို့ ခေတ်နဲ့  လက်လှမ်းမီသလောက် ဝေဘူဆရာတော်၊ မိုးကုတ် ဆရာတော် အစရှိတဲ့ဆရာတော်ကြီးများ အနာဂါမ်ဆရာသက်ကြီးတို့ လို ဆရာကြီး များ ကျကျနနဟောပြခဲ့တာတွေ လက်တွေ့ မျက်တွေ့ ကြုံခဲ့တာတွေကို လေ့လာ ကြည့်ဖို့ တိုက်တွန်း လိုပါတယ်။
၃။ ဗုဒ္ဓ၀ါဒသည်နိဗ္ဗာန်ဝါဒ
ဗုဒ္ဓ၀ါဒမှာသာလျှင် နိဗ္ဗာန်ဆိုတာရှိပါတယ်။ ၃၁ ဘုံကို ပြန်မလာတဲ့ ထွက်မြောက်ရာဖြစ်ပါတယ်။ ကျန်ဝါဒအားလုံးမှာ ထာဝရအသက်ဟာ အမြင့်ဆုံး ဖြစ်ပါတယ် အတ္တလို့ ခေါ်တဲ့ ထာဝရအသက်ဓါတ်ကို ယုံကြည်ကြပါတယ်။ သေလွန် ပြီးနောက် ကောင်းကင်ဘုံမှာဖြစ်ဖြစ် ငရဲမှာဖြစ်ဖြစ် ထာဝရ အသက်ရှင်ရမယ် ဆိုတာကို ယုံကြည် ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံး ကျင့်ကြံရမှာ က ဖြင့် နိဗ္ဗာန် အတွက်ဖြစ်ရပါ့မယ်။ ကုသိုလ်လေးတွေတိုင်းဟာ မဟာကုသိုလ်ကြီးဖြစ်တဲ့ နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်ပါ စေလို့ ရည်မှန်းရပါမယ်။ နောင်ဘ၀အတွက် မဖြစ်ရပါဘူး။ နောင်ဘ၀သည် minor နိဗ္ဗာန်သည် major ဖြစ်ပါတယ်။
လူတော်တော်များများ လွဲချော်နေတာရှိပါတယ်။ အခြားဘာသာဝင်များရဲ့ အ မြင်မှာပါ လွဲချော်နေပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်လုပ်နေကြ တာဆိုရင်ဖြင့် နောင်သေလွန်ပြီးချိန်မှာ ကောင်းကောင်းနေရဖို့  အဲလို သဘော ဆောင် နေတာများပြားလှပါတယ်။ ဗုဒ္ဓ၀ါဒရဲ့ ပန်းတိုင်ဟာ အဲဒါ လုံးဝမဟုတ်ပါဘူး။ အဲဒါကိုပဲ ရည်မျှော်နေမယ်ဆိုရင် ဗုဒ္ဓဘာသာအစစ် တစ်ယောက်မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ နောင်လာမယ့်သေလွန်ပြီးချိန်မှာ ကောင်းဖို့ အတွက်ဆိုရုံက ဗုဒ္ဓမပေါ်ခင် ၀ါဒ တွေ မှာ ကတည်းက ရှိပြီးသားပါ။ ဗုဒ္ဓမြတ်စွာကိုယ်တိုင်လည်း ဘုရားမဖြစ်ခင်က လေ့လာခဲ့ပြီးသားပါ။ ဗုဒ္ဓမြတ်စွာက ဒီဝါဒ ကျင့်စဉ်တွေဟာ ဖြစ်တည်မှု ဒုက္ခတွေ ငြိမ်းရာ ပယ်ရာ မဟုတ်လို့  ငြင်းပယ်ခဲ့ပြီးသားဝါဒတွေပါ။
ဆိုလိုတာက အပြည့်အ၀ မကျင့်ကြံနိုင်သေးရင်လည်း ဘုရားရှိခိုးတာလည်း နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်ဖို့  ရည်စူးပြီးရှိခိုးရမယ်။ ပုတီးစိပ်တယ်ဆိုလည်း နိဗ္ဗာန် ကိုရည်စူးပြီး သမာဓိထူထောင်ဖို့ ဖြစ်ရမယ်။ အလှူအတန်းပြုရင်လည်း နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်စေခြင်းငှာ ဒါနပါရမီဖြည့်ဆည်းတယ်လို့ သဘောထားပြီး စိတ် သန့်  သန့် နဲ့ လှူရမယ်။ အများစုရဲ့ မှားချက်က ညောင်စေ့လောက်လှူရင် ညောင် ပင်ကြီး လောက်ရတယ်ဆိုပဲ။ တစ်ဆုပ်ကြဲလို့  တစ်လှည်းဝင်တယ်ဆိုပဲ။ ဒို့  ဘာသာ က တွက်ချေကိုက်သားဟ။ နှပ်ချေးတွက်တွက်ပြီး ကုသိုလ်လုပ်တာ များကြပါ တယ်။ နိဗ္ဗာန်ဆိုတဲ့ စကားက ဖုန်းကြီးနဲ့ သာဆိုင်တယ် ဆိုတဲ့ စိတ်ကူးရှိတာက အများစုပါ။ မဟုတ်ပါ။ မိမိရဲ့ နေ့ စဉ်ကုသိုလ်မှု အားလုံးမှာ နိဗ္ဗာန်ကိုသာ ရည်စူး ပြီးပြုရပါ့မယ်။ နောင်ဘ၀ ကောင်းဖို့ သာလျှင်တွေးတယ်ဆိုရင်တော့ ဗုဒ္ဓ၀ါဒ နဲ့  လားလားကြီးဆန့် ကျင်ပါတယ်။
ရှည်သွားတယ်ဗျာ အတိုချုပ်ပြောချင်တာက ဗုဒ္ဓ၀ါဒသည် နိဗ္ဗာန်ဝါဒ ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည်နိဗ္ဗာန်ဝါဒီများဖြစ်ရပါမည်။ မိမိကိုယ်ကို ဗုဒ္ဓဘာသာ အမည်ခံပြီး အနာဂါတ်ကောင်းစားရေးနဲ့  နောင်ဘ၀ကောင်းစားရေးပဲ ခေါင်းထဲရှိ နေတယ် ဆိုရင်ဖြင့် ………………………။
ဝေလင်းထက်သွင် (ဇန်န၀ါရီ ၂၀၁၁)

Aug 13, 2010

ပဲဟင်းအိုးနဲ့ We Are the World

     ကျွန်တော်အကြောင်းက စပြောချင်တယ်ဗျာ။ ငယ်ငယ်ကကစပြီး ပရဟိတလုပ်ခဲ့တယ်။ ၁၈နှစ် ၁၉နှစ်သားလောက်ကစလို့  ဆင်းရဲမွဲတေပပျောက်ရေးတို့  လမ်းပျော်ကလေးများထိန်းသိမ်းရေး
အစီအစဉ်တို့ မှာ work shop တွေတက် တောင်ပြော မြောက်ပြောပေါ့။ အသက်   နည်းနည်းကြီးလာတော့ idea ပြောင်း လာတယ်။ teens and youths are important ပေါ့ teens and youths psychology တို့  ဘာတို့ ဖတ်လာတယ်။   နောက်  youths development ဘက်ကူး လာတယ်။ စာကြည့်တိုက် သွေးလှူသင်း volunteers groupsဖွဲ့ တာတွေ  လုပ်တယ်။ youth training တွေ ဟောပြောတာတွေ ဘာညာတွေလုပ်တယ်။
 ကျွန်တော့်စေတနာကတော့ social development ပေါ့။ အမှန်က ကျွန်တော်က နီးတာတွေမေ့ပြီး ဝေးတာတွေတွေးနေမိတာပါ။
    ကျွန်တော် နေတာက ပုစွန်တောင်ချောင်းဘေးနားကရပ်ကွက်မှာ။ကျွန်တော်တို့ ရပ်ကွက်ရဲ့    အစွန် ချောင်ထဲမှာ အပယ်ခံလူသားတွေနေတယ်။ ရွက်ကျပင်ပေါက်တွေပေါ့။     အရမ်းလှတဲ့ ဆံပင်နီနီ မီနီစကပ်နဲ့ တက်တူးထိုးထားတဲ့ ကောင်မလေးတွေလဲရှိတယ်အဲဒီမှာ။ ဘာလုပ်လဲတော့မမေးနဲ့    ကျွန်တော် လဲ သေချာမသိဘူး။ အ၀တ်မပါပဲလျှောက်သွားနေတဲ့ ကလေး လေးတွေလဲရှိတယ်။ ကျွန်တော်တို့ တွေကတော့ ခြေဦးတောင်မလှည့်ဖြစ်ပါဘူးအဲဒီဘက်။ social development လို့ ကြွေးကြော်နေတဲ့ ကျွန်တော်က တစ်ခါမှ အဲဒီကို ခုထိမရောက်ဘူးသေးဘူး။
    ကျွန်တော်ပြောချင်တာက အဲဒီက ကလေးတွေအကြောင်းပဲ။ အဲဒီဘက်က ကလေးတွေများ ရပ်ကွက်ထဲလာရင် ဟိုအိမ်ကမောင်းလွှတ် ဒီအိမ်ကမောင်းလွှတ်။ သူတို့ လေးတွေက ၆နှစ်လောက်ကလေးဆို ရေသန့် ဘူးကောက်တယ်။ ကြီးတဲ့သူက ပလတ်စတစ်ကောက် အမှိုက်ပုံတကာမွှေပေါ့။
    တစ်ခါသား ကျွန်တော့်ညီက သူတို့  အလှူလုပ်တဲ့အကြောင်း ပြောပြတယ်။ဟေ့ကောင်ရာတို့ တွေ ကယ်ပါချောင်က ကလေးတွေကိုအလှူလုပ်တာတဲ့။ ကယ်ပါချောင်ဆိုတာ ကျွန်တော် ခုနပြောတဲ့ နေရာကိုဆိုလိုတာ။ ဘယ်လိုလုပ်လဲဆိုတော့ ပဲကုလားဟင်းနဲ့  ငါးပိကြော် လာသမျှ ကလေးတွေကို အ၀ကျွေးတာတဲ့။ သူကပြောပြတယ် ဟေ့ကောင် အလှူမှာအပင်ပန်းဆုံးအလုပ်က ဘာအလုပ်လဲသိလားတဲ့။ မသိပါဘူးကွာလို့ ဖြေတော့။
မှတ်ထားတဲ့ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ဆွဲရတာ အပင်ပန်းဆုံးပဲတဲ့။ ဘယ်ဘ၀က ငတ်ပြတ်နေတဲ့ ကလေးတွေလဲမသိပါဘူးကွာတဲ့။
ဟင်းအိုးကမကျက်သေးဘူး သူတို့ က ချိုင့်တွေ ခွက်တွေနဲ့  အိုးနားမှာ လာပြုံ ၊ မောင်းထုတ်လိုက် ပြန်ဝိုင်းလာလိုက်နဲ့ တဲ့ ၃နှစ်လောက် ကလေးလေးတစ်ယောက်ဆို အိုးထဲကျပြီမှတ်တာ မနည်းဝိုင်းဆွဲ ရတယ်တဲ့။
    ကျွန်တော် နားထောင်ပြီး စကားပြန်မပြောနိုင်ဘူး။ အော် ကလေးလေးတွေ၊ အ၀တ်ကိုမကပ်နိုင်ဘူး။ အော် သူတို့ လေးတွေ ပဲဟင်းနဲ့ ထမင်းစားဖို့ ကိုမီးပူမှာတောင် မကြောက်နိုင်ဘူး။ ခင်ဗျားတို့ အနားမှာရော အဲဒီလိုကလေးတွေရှိလား ။ ကျွန်တော်ကတော့ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ we are the world
သီချင်းလေးကို သတိရတယ် ဘာတဲ့ ငါတို့ အားလုံးဟာ ဘုရားသခင်ရဲ့  မိသားစုကြီးတစ်ခုထဲကပါတဲ့။ ကျွန်တော်တို့ သူတို့ ဟာ လူသားတွေချင်းပဲနော။
မေတ္တာတရားဟာ လူသားတွေအလိုအပ်ဆုံးပါပဲတဲ့။ လှပတဲ့နေ့ တွေကို တို့တည်ဆောက်ကြရ မှာပါ ခုချိန်ကစလို့  ပေးကမ်းခြင်းကို စကြပါစို့ တဲ့။
ခင်ဗျားတို့ ကျုပ်တို့ အတွက် ပိုမိုကောင်းမွန်တဲ့ နေ့ ရက်တွေကို လုပ်ကြရမှာ အမှန်ပါတဲ့။
သီချင်းရေးတာကတော့ ကွယ်လွန်သွားတဲ့ you are not aloneကိုဆိုတဲ့ Michael Jackson နဲ့  Hello သီချင်းဆိုတဲ့  Lionel Richieထူးခြားတာက ၂ ယောက်လုံး လူမည်းတွေချည်းပဲဗျနော။
လူမည်းတွေ ရဲ့ နှလုံးသားက ဒီလောက်လှပတဲ့ သီချင်းလေးထွက်လာတယ်နော်။
သီချင်းလေးကို ခနခန ပြန်နားထောင်မိတယ် နားထောင်မိတိုင်း ပဲဟင်းအိုးနားက ကလေးလေးတွေကို တွေးပြီး စိတ်မကောင်းဖြစ်လာတယ်။
ခင်ဗျားလဲကြားဘူးပြီးသားပါ။

We Are the World
Written By: Michael Jackson and Lionel Richie

  G                        C      D        G
There comes a time when we heed a certain call
         C           D                G
When the world  must come together as one
          Em                  
There are people dying
         D                      C                          D
And it's time to lend a hand to live, The greatest gift of all
တစ်ကမ္ဘာလုံး ပေါင်းစပ်နိုင်မယ့်နေ့ ကို တို့ ကြုံရမှာပါ
လူတွေကလဲသေနေကြတယ်
အသက်ရှင်ဖို့ အကူအညီတွေပေးရမယ့်အချိန် ငါတို့ အားလုံးရဲ့ အကြီးအမြတ်ဆုံးဆုလာဘ်ပါ
  G            C         D        G
We can't go on pretending day by day
     C        D                          G
That someone, somewhere will soon make a change
       Em                   D 
We are all a part of God's great big family
        C                               D
And the truth, you know, Love is all we need
အချိန်တိုင်း တို့ တွေ ဆက်ပြီးဟန်ဆောင်မနေနိုင်ပါဘူး
တစ်ယောက်ယောက်က တစ်နေရာရာမှာ မကြာမီပဲပြောင်းလဲပေးမှာ
တို့ တွေ ဟာ ဘုရားသခင်ရဲ့  ကြီးမားတဲ့ မိသားစုဝင်တွေပဲဟာ
အမှန်ပြောရင် မင်းသိသလိုပဲ မေတ္တာတရားကို တို့ လိုပါတယ်

Chorus:
           C    D            G
We are the World, we are the children
           C                        D                 G
We are the ones who make a brighter day so lets start giving
          Em                          D
There's a choice we're making,  We're saving our own lives
     C                        D                 G
It's true we'll make a better day, just you and me
တို့ ကမ္ဘာ တို့ ကလေးတွေ
တို့ တွေဟာ လှပတဲ့နေ့ ကလေးကို တည်ဆောက်မယ့်သူတွေ
ဒီတော့ ခုပဲပေးဆပ်ခြင်းကိုစရအောင်လေ
ဒီမှာ ငါတို့ ရွေးချယ်ထားတာက
တို့ အသက်တွေကိုတို့ ကယ်နေတာ
အမှန်ပြောရရင် တို့ တွေ ပိုကောင်းတဲ့နေ့ ကလေးကိုတည်ဆောက်မယ်
မင်းတို့ နဲ့ ငါတို့ အတွက်ပဲလေ

G                               C         D       G
Send them your heart so they'll know that someone cares
          C          D               G
And their lives will be stronger and free
   Em                  D
As God has shown us by turning stones to bread
      C                       D
So we all must lend a helping hand
သူတို့ ကို မင်းနှလုံးသားပေးလိုက်ပါ
ဒီတော့ သူတို့ ကို ဂရုစိုက်မယ့်သူရှိတာ သူတို့ သိသွားမယ်လေ
သူတို့ ဘ၀လေးတွေ ပိုသန်မာလာမယ် ပိုလွတ်လပ်လာမယ်
ဘုရားသခင်က ကျောက်တုံးကိုပေါင်မုန့် ဖြစ်အောင်လုပ်ပြခဲ့သလို
ဒီတော့ တို့ တွေကူညီမယ့်လက်ကလေးတွေ လှမ်းကြရအောင်လား။

Repeat Chorus:
            Cm                  D                G
When you're down and out, there seems no hope at all
            Cm                   D             G
But if your just believe there's no way we can fall
       Em             D
Let us realize that a change can only come
        C                 D
When we stand together as one
မင်းကျဆုံးနစ်မြုပ်ချိန်
မျှော်လင့်ခြင်းလဲမရှိနိုင်တော့ချိန်မှာ
ဒါပေမယ့် မင်းဟာ ရှုံးနိမ့်ဖို့ လမ်းမရှိဘူးလို့ ယုံကြည်ထားလိုက်
အပြောင်းအလဲလေးတစ်ခုလာလိမ့်မယ့်လို့ ယုံကြည်လိုက်ရအောင်
တို့ အတူတူတစ်စုတစ်စည်းတည်းရပ်တည်နေချိန်မှာလေ။
Repeat Chorus:

ဘာသာပြန်တာကတော့ တော်သလိုပဲဗျ ကြည့်ကြပ်သာ ဖတ်လိုက်တော့။ အမေ့ကိုပြောထားတယ် ဒီတစ်ခေါက် ကျွန်တော့်တူလေးမွေးနေ့ ကျရင် ပဲဟင်းနဲ့ ထမင်းကျွေးရအောင်လို့ ။ ခင်ဗျားလာခဲ့ပါလား။ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ၀ိုင်းဆွဲပေးဖို့ လေ။
(ကယ်ပါချောင်မှ ဗိုက်ပူနံကား ကလေးများသို့ အမှတ်တရ)

Jun 15, 2010

ဇာတ်သဘင်အကြောင်း

ဇာတ်သဘင်ဆိုတာ ဟာသ ပညာတဲ့ သဘင်ဝန်ဦးနု ကပြောတယ်။ လူတွေရဲ့ စိတ်ကို ညွတ်နူးစေတဲ့ အရာ ဆိုပါတော့။ ကျွန်တော်က ငယ်ကတည်းက ဇာတ်ပွဲကြည့်ခဲ့ရတယ်။ အမေက ဇာတ်ပွဲကြိုက်တယ် အဲဒီတော့ အမေကြည့်ရာလိုက်ကြည့်ရင်း ကိုယ်လည်းကြိုက်သွားတာ။ ကျွန်တော့်အမေက ရန်ကုန်ကနေ ရွှေမော်ဓောဘုရားပွဲ အထိ ဇာတ်ပွဲအကြည့်သွားတဲ့ အထိ ဇာတ်ပွဲကြိုက်တာ။ ကျွန်တော်က ငယ်ကတည်းက သီချင်းကြိုက်တတ်တယ်။ ကျွန်တော် ပထမဆုံး အစအဆုံး အလွတ်ရတဲ့ သီချင်းက မန္တလေးသိန်းဇော် အော်ပရာထဲမှာဆိုတဲ့ ပန်းသလားမေပျို ပေါ့။ နောက် မန္တလေးသိန်းဇော် သိပ်ဆိုတဲ့ ကိုစောငြိမ်းရဲ့  မိုးသက်လေနှင် သီချင်း၊ ချစ်ပြုံးနှင်းဆီ သီချင်း။ ဇာတ်ပွဲကြည့်ရတာ အရသာသိပ်ရှိတဲ့ အရာဆိုတာ ငယ်ကတည်းက သိခဲ့တယ်။
ကန့် လန့် ကာမဖွင့်ခင် ဧည့်ခံတီးလုံးတီးတော့ ဟိုဘက်က အနောက်တိုင်းတီး၊ ဒီဘက်က ဆိုင်းဝိုင်းကြီးတီး တစ်လှည့်စီတီးတာကို နားထောင်ရတာ အရမ်းသဘောကျခဲ့တာပေါ့။ ရွှေမန်းသဘင်တို့  နန်းဝင်းတို့ လဲ ကြည့်တယ်။ ရွှေမန်းသဘင်က နောက်ပိုင်းဇာတ်၊ ပြဇာတ်တွေကို ငယ်တုန်းက သိပ်ကြိုက်ခဲ့တာပေါ့။
တစ်ဖြည်းဖြည်းနဲ့  ကြီးလာတော့ အမေ့နောက် တစ်ကောက်ကောက်မလိုက်ဖြစ်တော့ ဇာတ်ပွဲကြည့်တာလဲ လျော့သွားတယ်။ ကျွန်တော်ကြီးလာတော့ ငယ်တုန်းကလို ဇာတ်ပွဲမျိုး ကြည့်ချင်လို့  လိုက်ရှာတော့ မရှိတော့ ပါဘူးတဲ့။ ကျွန်တော်မကြည့်ဖြစ်သလိုပဲ ဇာတ်ပွဲတွေရဲ့  အသွင်အပြင်တွေလဲ ပြောင်းလဲ သွားတယ်။ ဇာတ်ပွဲဆိုတာ stage show မဟုတ်ဘူး မြန်မာ့ဇာတ်သဘင်ဆိုတာ မြန်မာလို ကပြရတယ် ဆိုတာကို ဇာတ်သမားတွေမေ့သွားတယ်။ ဇာတ်ပွဲကြည့်တဲ့သူတွေမေ့သွားတယ်။ ဇာတ်ပွဲက စတိတ်ရှိုးမှာ ကောင်မလေး တွေက တိုနိုင်သမျှ တိုတိုဝတ် ခါနိုင်သမျှ အစွမ်းကုန်ခါ။ ဇာတ်မင်းသားဆိုတာ မြန်မာ့အနုပညာဆိုတာထက် အနောက်တိုင်းအက၊ အဆိုကို ပိုလို့  တတ်ကျွမ်းရမယ်ဆိုတဲ့ သဘောမျိုး တွေ တွေ့ လာရတယ်။
အော် နိုင်ငံခြားသားကိုတောင် ငါတို့ ဆီက မြန်မာ့ဇာတ်သဘင်ဆိုတာ ဒီလိုပါဟေ့လို့  ပြချင်ရင်တောင် ပြစရာ သိပ်မကျန်တော့ဘူး။ ကျွန်တော်က Metallica ကြိုက်တဲ့သူပါ။ Guns and Roses, Aerosmith ကြိုက်တဲ့သူပါ။ Modern Dance တွေကို နှစ်သက်တဲ့သူပါ။ ဒါပေမယ့် မြန်မာမှုကိုတော့ ရင်ထဲအသဲထဲက ချစ်ခဲ့ရတာပါ။ ဇာတ်ပွဲမှာမြန်မာမှု အတိုင်းလုပ်ရင် လူမ၀င်ဘူးတဲ့။ မြန်မာတွေက မြန်မာမှုကို မကြိုက်ကြဘူးဆိုပဲ။ အခု VCD DVD ခေတ်မှာ ဇာတ်အခွေတွေ ထွက်သမျှလောက် လိုက်ကြည့်ဖြစ်တယ် လူပျက်က ရယ်စရာများများလုပ်၊ ဇာတ်မင်းသားက ဆက်တင်တွေခမ်းခမ်းနားနားနဲ့  မြန်မာမကျ ကုလားမကျ သီချင်းတွေဆို၊ underground ဆန်ဆန် အကတွေက၊ ရုပ်ရှင်မင်းသမီး လှလှတွေနဲ့ တွဲ။ တစ်ချို့ ဆို ဇာတ်သီချင်းကို ကော်ပီတောင်ဆိုလိုက် သေးတယ်။ အောင်မယ်လေးဗျာတောင်မအော်နိုင်ပါလား။ ဟောဒီကမယားလေးတွေ ဆိုတာမျိုးကိုသာ အခါတစ်ထောင်ကြားလိုက်ရတယ် ဇာတ်စာတွေ ဆိုင်းဆင့်တွေ တစ်ခွေသာကုန်တယ် မကြားလိုက်ရဘူး။
မြန်မာ့ဇာတ်သဘင်ကို အဖတ်ဆယ်မယ်ဆိုတဲ့ သူတွေအကြောင်းလဲ ကြားရသိရပါတယ်။ သူတို့  အောင်မြင်ကြ ပါစေ လို့ ပဲဆုတောင်းရမှာပဲ။
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်တွေလိုမျိုး ဇာတ်ပွဲဆိုင်းဘုတ်မှာ အင်္ဂလိပ်နာမည်တွေ မရောက်လာ ပါစေနဲ့ လို့  ဆုတောင်းရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ဘူး။

Jun 7, 2010

Upload Peace Upon Your Mind

We have many confused things in the whole days that are thoughts come from work or thoughts come from social affairs.
In most nights, worries and stresses are stored in our mind before we sleep. We always bath our bodies,
we always sweep our room but we mostly do not clear our mind. So, we cannot sleep peacefully and we
mostly do not wake up peacefully.

Here, I want to advice you to upload peace upon your mind before you sleep. It's not my own method.
It comes from many books that I read.
Firstly, please wash your hands and legs before you sleep. And wear clean clothes. Clothes must be
comfort to you. I must not be so tights. Then, clean your bed. Your bed must be clean from dust,
incest etc. Switch off the room lights. If you do not like darkness, please use dim light.
Bright light can stimulate your unconscious mind and your sleeping will unconsciously wake up
many times when you sleep.

Lay still, breathe deeply for a while. Then, breathe rhythmatically, breathe not so long or not so short.
When you can control your breathe, then count your breathe. First "breathe in" must count one and "breathe out"
count one. Breathe in two, breathe out two. Then going on till breathe in fifteen and breathe out fifteen.
When you count your breathe, please do not think nothing. Think only your count on breathe.
After fifteen, repeat from one till fifteen again. The important thing is that you must not move
your body, even a finger, even your tongue and eyelids, and not to think anything.

After control your breathes, you must put a thought into your mind. What thought? It is that you must tell
yourself deeply like that, " I am laying peacefully, I will sleep peacefully".
Repeat these two sentences till you can feel yourself peaceful.
Relax your body by moving nothing. Relax your mind by thinking nothing.
Feel yourself that you cannot move anything on your body. Don't be too nervous in these exercises.
The tension will prevent your peace.
Then, tell yourself that "I am sleeping". Please tell this word slowly and not from your mouth but from your mind.
Repeat like that, "I am sleeping.", "I...am...sleeping.", "I...... am........sleeping.",
" I...........a..m......sl...ee.....p..ing."
Feel your eyelids are so heavy, so heavy and cannot be opened. Nothing can disturb your sleeping.
All things are blur in your mind.
All thoughts are fading away from your mind.
Then, you are sleeping peacefully.

May 31, 2010

လင်းဝေး

2002 ခုနှစ် ဧပြီ၊ သင်္ကြန်ကာလ ရန်ကုန်ကိုစွန့်လို့ လင်းဝေးဆီသွားခဲ့တယ်။ အလင်းတွေနဲ့ ဝေးတဲ့ဆီကိုပေါ့။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ လိမ္မော်သီး လှလှတွေရှိတယ်။ စကားပြောဖို့တောင်ရှက်တဲ့ ပအို့မလေးတွေရှိတယ်။ မနက်မိုးလင်းရင် တောင်တန်းတွေပေါ်ကို ကျောပိုးအိပ်လွယ်ပြီးတက်။ ညမှောင်မှ ရွာပြန်လာ။ ရေမချိုးရတာ ၄ရက်။ ရေချိုးဖို့ စမ်းချောင်းကို နာရီဝက်ဆင်းရတယ်။ ပြီးရင် နာရီဝက်ပြန်တက်ရတယ်။ အဲဒီက ရမ်နဲ့ အသဲကွဲသီးဖျော်ရည်ရောထားတဲ့ဟာကို ညည ဆိုသောက်ဖြစ်တယ်။ လိမ္မော်သီးစားချင်တယ်ဆိုလို့ ရွာက တောင်းနဲ့တစ်တောင်းလာပေးတယ်။ ကွမ်းစားချင်တယ်ဆိုလို့ ကလေးတစ်ယောက်က သူ့မှာပါတဲ့ ကွမ်းရွက်ကွမ်းသီးထုံးဆေး အစုံပါတဲ့ အထုပ်တစ်ထုပ်လုံးပေးခဲ့တယ်။ သင်္ကြန်တွင်း ကျတော့ သူငယ်ချင်းသုံးယောက် ရှားရှားပါးပါး သောက်ရေခွက်နဲ့ တစ်ခွက်စီ အလောင်းခံ ရတာမမေ့ဘူး။

ကျောက်တောရွာကပြန်လာတော့ ဆရာကပြောတယ် ငါကွာ ထောပတ်ပင်တွေ့ခဲ့တယ် အသီးတွေအများကြီးပဲ ၀ယ်မယ်ဆိုတော့ မရောင်းဘူး ပြောတယ် တဲ့။ ညနေစောင်းကျတော့ အဖိုးအိုတစ်ယောက် အထုပ်ကြီးထမ်းလို့ ရောက်လာတယ်။ ဒီကဆရာရောတဲ့မေးတယ်။ အဖိုးကိစ္စရှိရင် ပြောပါဆိုတော့။ နေ့လည်က ထောပတ်သီးလိုချင်တယ်ပြောလို့ အခုလိုက်ပို့တာတဲ့။ အဖိုးရာအလေးခံလို့ နေ့လည်ကရောင်းလိုက်ပြီးရောဆိုတော့။ မရောင်းပါဘူးတဲ့ ပေးလိုက်ရင် သယ်နေရမှာစိုးလို့ အခုလိုက်ပို့တာတဲ့။ အဖိုးအသက်က ၇၅ နှစ်တဲ့။ ကျွန်တော်တို့ မောဟိုက်အောင်တက်ရတဲ့ ချောက်ကို အဖိုး ထောပတ်သီး အလုံး ၅၀ လောက်နဲ့ တက်လာခဲ့ရတယ်။ သူ့စေတနာက ကျွန်တော့်ရင်ထဲကို ဆို့ သွားတာပဲ။

ဆေးလိပ်ပြတ်ကုန်လို့ ရွာရဲ့ တစ်ခုတည်းသောကုန်စုံဆိုင်ကိုသွားတယ်။ ဗွီဒီယိုလဲပြတော့ အ၀မှာ ဆိုင်းဘုတ်ရေးထားတယ်။ ဖတ်ကြည့်တော့ ဘာကားမှန်းမသိဘူး။ အထဲရောက်တော့မေးကြည့်တယ် ဘာတွေရေးထားလဲလို့ပေါ့။ ရေးတဲ့ကောင်မလေးက ၄ တန်းအထိနေဖူးတယ်တဲ့။
သူပြောတာကတော့ အခွေ အဖုံးကစာတွေ ကူးရေးလိုက်တာပဲတဲ့။ ဖတ်လို့နားမလည်ဘူးလို့ သူ့ကိုပြောတော့ ရယ်တယ်။
နားလည်စရာမလိုပါဘူးတဲ့ တစ်ရွာလုံးစာမဖတ်တတ်တဲ့ လူက အများစုပဲတဲ့။ ရေးထားရင် ဗွီဒီယို ဒီညပြမယ်ဆိုတာသိတာပဲတဲ့။
ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။

ရွာလူကြီးကိုမေးကြည့်တယ် မူလတန်းကျောင်းက စာမသင်ဘူးလားလို့။မသင်ဖြစ်ပါဘူး။ ဆရာတွေက ခနလာလိုက် ပညာရေးမှူးရုံး သွားမယ်ဆိုပြီး မြို့တက်သွားလိုက်၊ ပြန်ပေါ်မလာလိုက်နဲ့။ တစ်ယောက်မှ တစ်လကြာအောင်မနေကြပါဘူးတဲ့။ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချမိခဲ့တယ်။ ငါ ဘွဲ့ရရင် ဒီလိုရွာတွေလာ ကျောင်းဆရာလုပ်မယ်ဆိုပြီးလေ။ ကျွန်တော် ဟိုးအဝေးကြီးရောက်နေတုန်း လင်းဝေးကိုသတိရတယ်။ ကဗျာကလေးရေးမိတယ်။ ပြန်သွားမယ်ဆိုပြီးတော့ပေါ့။

လင်းဝေး

မြို့ပြအလင်းတွေနဲ့ဝေးလို့များ
လင်းဝေးလို့ခေါ်သလားလင်းဝေး။
တုံးမောင်းမခေါက်ခင်
မျက်နှာထသစ်တဲ့လင်းဝေး။
နင့်ဗုံသံတွေကြားမှာ တောင်တန်းတွေကနေတာ
မမေ့နိုင်သေးဘူး။
သင်္ကြန်တစ်ခုလုံးမှ
ရေတစ်ခွက်ထဲလောင်းတဲ့လင်းဝေး၊
မျက်လုံးခါးခါး
အဓိပ္ပါယ်ခါးခါး
အမုန်းခါးခါးတွေများတွေ့ရင်
နင့်ရင်ဘတ်ထဲက
လိမ္မော်သီးတွေကို မမေ့နိုင်ဘူး။
တောင်တန်းတွေကြားထဲက
စမ်းချောင်းလေးမှာ
ရေချိုးဖို့စောင့်နေတဲ့ လင်းဝေး
ငါပြန်လာရင်နင်ဝမ်းသာဦး။

နောက်ဆုံးကျတော့ ကျွန်တော်ဆိုတဲ့ကောင်က တစ်လမပြည့်အောင်မနေတဲ့ ကျောင်းဆရာလောက်တောင် အဖြစ်မရှိပါဘူး။
ဒီပုတ်ထဲကဒီပဲပါပဲ။ တော်ရာ လျော်ရာအလုပ်တစ်ခု ၀င်လုပ်။ ဘ၀ကိုမသေရုံတမယ် အသက်မွေးနေခဲ့တာပါပဲ။
အမှန်က ကျွန်တော့်လိုကောင်တွေများနေလို့ မြန်မာနိုင်ငံမှာ စာမတတ်သေးတဲ့ နေရာတွေရှိနေသေးတာပါ။

ကျွန်တော်ချစ်တဲ့ဧရာဝတီ

တည်ငြိမ်တဲ့သူ့ရဲ့ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။

ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ၊ ရာဇ၀င်သစ်တို့မွေးဖွားရာ။

ဧရာဝတီဆိုတာက ကျွန်တော့်ရင်ထဲမှာ ဂီတသံတွေနဲ့အတူ ငယ်ကတည်းကစွဲခဲ့တာ။
၁၈နှစ်သားမှာ ဂစ်တာတစ်လက်ဆွဲလို့ ဧရာဝတီဆီကိုထွက်ခဲ့တယ်။
ကျွန်တော် သူ့ကျောကိုပိုးစီးလို့ လူငယ်တစ်ယောက်အိမ်မက်ကိုမက်ခဲ့တာပေါ့။
အဲဒီတုန်းက မြစ် ဆိုတဲ့ကဗျာလေးကိုရေးဖြစ်ခဲ့တယ်။

မြစ်

သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက် . .
မြေသားအက်ပြိုကွဲ။
လေညှင်းနဲ့ တံငါလှေတွေကြား . .
စိမ်းပြာနု ပင်လယ်ဆီအရောက်သွား။

၁၉၉၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ညက ကျွန်တော် ဧရာဝတီရဲ့ အလယ်တည့်တည့်မှာ တစ်ညတာရပ်နားခဲ့ရတယ်။
လမင်းကိုကြည့် ဧရာဝတီကိုကြည့်နဲ့ အိပ်ဖို့ကိုမစဉ်းစားခဲ့မိဘူး။
တည်ငြိမ်တဲ့သူ့ရဲ့ ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။
မေ့လို့မရဘူး။ ဧရာဝတီက ကျွန်တော့်အချစ်ဦးပဲ။

ပြည်ရောက်တော့ ဧရာဝတီဘေးမှာ မှတ်မှတ်သားသား မိန်းကလေး ၂ မျိုးကိုတွေ့ခဲ့ရတယ်။ တစ်မျိုးကိုကျွန်တော် အလေးအမြတ်ပြုလို့ တစ်မျိုးကို စိတ်ထဲမှာ ကိုယ်ချင်းစာပေးဖို့ခက်လာခဲ့တယ်။ နေ့ဘက်ဆို ပြည်ကမ်းနားမှာ ယောက်ျားတစ်ယောက်မနည်းမရတဲ့ ကျောက်စရစ်တောင်းတွေကို ခေါင်းပေါ်ရွက်လို့ ကမ်းပါးကို ပြေးတက်လိုက် ပြေးဆင်းလိုက်လုပ်နေတဲ့ မိန်းကလေးတွေ။ ကျွန်တော် စာနာလို့မဆုံးဘူး။ သူတို့ကတော့ ပါးကွက်ကြား မပျက်သီချင်းတစ်အေးအေးနဲ့ စလိုက် နောက်လိုက် ပျော်လို့။ ညဘက်ဆို ပြည်ကမ်းနားမှာ မိတ်ကပ်တွေလိမ်းလို့ စီးကရက်တွေ မီးညှိလို့ (မသောက်ပဲကိုင်ထားတာကများတယ်) ကျွန်တော် နေ့ခင်းဘက်က ပါးကွက်ကြားတွေကိုမြတ်နိုးသလောက် စာနာသလောက် သူတို့မိတ်ကပ်တွေကို ရင်ထဲဘယ်လို ခံစားရမလဲ မသိဘူး။

အမရပူရ ရွှေကြက်ယက်ဆိပ်မှာ အအိပ်ကြီးတဲ့ ကျွန်တော်က မနက်မနက်ဆို အစောထဖြစ်တယ်။ ဟိုးတစ်ဘက်ကမ်းက စာသင်သားတွေ စာအံ နေတယ်။ ဒီဘက်ကမ်းကနေကျွန်တော် ငုတ်တုပ်ကလေးထိုင်လို့။ ဧရာဝတီကိုငေးလိုက်။ စစ်ကိုင်းတံတားကိုငေးလိုက်။ လှေကလေးတွေကြည့်လိုက်။
ငေးလို့ဝရင် ဂစ်တာဆွဲပြီး သီချင်းတစ်ပုဒ်ညည်းဖြစ်တယ်။ ဘာသီချင်းဖြစ်မယ်ထင်လဲ။ ခင်ဗျားထင်သလို နဒီမင်္ဂလာ။
ဟိုးတစ်ဘက်ကမ်းကတရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား။
နှလုံးသားကတော့ လတ်လတ်ဆတ်ဆတ်အေးအေးမြမြပါ။ ဟန်ဆောင်နှစ်သိမ့်စရာလဲ မရှိခဲ့ပါဘူး။

၂၀၀၈-၂၀၀၉ ကျွန်တော်မကွေးမှာ တံတားနားက မိုနာလီဇာကို မကြာမကြာရောက်တယ်။
စကပ်တိုလေးတွေ မလုံမလဲလေးတွေ ကြည့်ရတာထက်၊ ကျွန်တော့်ရဲ့ ဧရာဝတီကို ကြည့်ရတာကို ပိုချစ်တယ်။
ဟိုအရင်ကလို မြစ်ပြင်ကျယ်ကြီးမဟုတ်ပဲ ရေလယ်သောင်ကြီးထွန်းနေလဲ ဧရာဝတီကလှနေတုန်းပဲ။
ဧရာဝတီရဲ့လေက အရင်လိုပဲ။ ဧရာဝတီရဲ့ အငွေ့အသက်က ကျွန်တော့်ကို မစိမ်းသေးဘူး။
၂၀၀၉ ဟင်္သာတမှာ ဦးပါရဲဘုရားကို ညတိုင်းသွား၊ အလှမ်းဝေးနေတဲ့ ဧရာဝတီဆီကို လှမ်းငေး။
ကျွန်တော် ဧရာဝတီကို မရိုးသေးဘူး။
အခွင့်ရရင် ဧရာဝတီကျောကိုစီး။ ကျွန်တော် ဟိုးအဝေးကြီးဆီအထိသွားချင်သေးတယ်။
ကျွန်တော့် သွေးကြောတွေထဲမှာ ဧရာဝတီ စီးတုန်းပဲ။