May 31, 2010

ကျွန်တော်ချစ်တဲ့ဧရာဝတီ

တည်ငြိမ်တဲ့သူ့ရဲ့ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။

ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ၊ ရာဇ၀င်သစ်တို့မွေးဖွားရာ။

ဧရာဝတီဆိုတာက ကျွန်တော့်ရင်ထဲမှာ ဂီတသံတွေနဲ့အတူ ငယ်ကတည်းကစွဲခဲ့တာ။
၁၈နှစ်သားမှာ ဂစ်တာတစ်လက်ဆွဲလို့ ဧရာဝတီဆီကိုထွက်ခဲ့တယ်။
ကျွန်တော် သူ့ကျောကိုပိုးစီးလို့ လူငယ်တစ်ယောက်အိမ်မက်ကိုမက်ခဲ့တာပေါ့။
အဲဒီတုန်းက မြစ် ဆိုတဲ့ကဗျာလေးကိုရေးဖြစ်ခဲ့တယ်။

မြစ်

သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက် . .
မြေသားအက်ပြိုကွဲ။
လေညှင်းနဲ့ တံငါလှေတွေကြား . .
စိမ်းပြာနု ပင်လယ်ဆီအရောက်သွား။

၁၉၉၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ညက ကျွန်တော် ဧရာဝတီရဲ့ အလယ်တည့်တည့်မှာ တစ်ညတာရပ်နားခဲ့ရတယ်။
လမင်းကိုကြည့် ဧရာဝတီကိုကြည့်နဲ့ အိပ်ဖို့ကိုမစဉ်းစားခဲ့မိဘူး။
တည်ငြိမ်တဲ့သူ့ရဲ့ ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။
မေ့လို့မရဘူး။ ဧရာဝတီက ကျွန်တော့်အချစ်ဦးပဲ။

ပြည်ရောက်တော့ ဧရာဝတီဘေးမှာ မှတ်မှတ်သားသား မိန်းကလေး ၂ မျိုးကိုတွေ့ခဲ့ရတယ်။ တစ်မျိုးကိုကျွန်တော် အလေးအမြတ်ပြုလို့ တစ်မျိုးကို စိတ်ထဲမှာ ကိုယ်ချင်းစာပေးဖို့ခက်လာခဲ့တယ်။ နေ့ဘက်ဆို ပြည်ကမ်းနားမှာ ယောက်ျားတစ်ယောက်မနည်းမရတဲ့ ကျောက်စရစ်တောင်းတွေကို ခေါင်းပေါ်ရွက်လို့ ကမ်းပါးကို ပြေးတက်လိုက် ပြေးဆင်းလိုက်လုပ်နေတဲ့ မိန်းကလေးတွေ။ ကျွန်တော် စာနာလို့မဆုံးဘူး။ သူတို့ကတော့ ပါးကွက်ကြား မပျက်သီချင်းတစ်အေးအေးနဲ့ စလိုက် နောက်လိုက် ပျော်လို့။ ညဘက်ဆို ပြည်ကမ်းနားမှာ မိတ်ကပ်တွေလိမ်းလို့ စီးကရက်တွေ မီးညှိလို့ (မသောက်ပဲကိုင်ထားတာကများတယ်) ကျွန်တော် နေ့ခင်းဘက်က ပါးကွက်ကြားတွေကိုမြတ်နိုးသလောက် စာနာသလောက် သူတို့မိတ်ကပ်တွေကို ရင်ထဲဘယ်လို ခံစားရမလဲ မသိဘူး။

အမရပူရ ရွှေကြက်ယက်ဆိပ်မှာ အအိပ်ကြီးတဲ့ ကျွန်တော်က မနက်မနက်ဆို အစောထဖြစ်တယ်။ ဟိုးတစ်ဘက်ကမ်းက စာသင်သားတွေ စာအံ နေတယ်။ ဒီဘက်ကမ်းကနေကျွန်တော် ငုတ်တုပ်ကလေးထိုင်လို့။ ဧရာဝတီကိုငေးလိုက်။ စစ်ကိုင်းတံတားကိုငေးလိုက်။ လှေကလေးတွေကြည့်လိုက်။
ငေးလို့ဝရင် ဂစ်တာဆွဲပြီး သီချင်းတစ်ပုဒ်ညည်းဖြစ်တယ်။ ဘာသီချင်းဖြစ်မယ်ထင်လဲ။ ခင်ဗျားထင်သလို နဒီမင်္ဂလာ။
ဟိုးတစ်ဘက်ကမ်းကတရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား။
နှလုံးသားကတော့ လတ်လတ်ဆတ်ဆတ်အေးအေးမြမြပါ။ ဟန်ဆောင်နှစ်သိမ့်စရာလဲ မရှိခဲ့ပါဘူး။

၂၀၀၈-၂၀၀၉ ကျွန်တော်မကွေးမှာ တံတားနားက မိုနာလီဇာကို မကြာမကြာရောက်တယ်။
စကပ်တိုလေးတွေ မလုံမလဲလေးတွေ ကြည့်ရတာထက်၊ ကျွန်တော့်ရဲ့ ဧရာဝတီကို ကြည့်ရတာကို ပိုချစ်တယ်။
ဟိုအရင်ကလို မြစ်ပြင်ကျယ်ကြီးမဟုတ်ပဲ ရေလယ်သောင်ကြီးထွန်းနေလဲ ဧရာဝတီကလှနေတုန်းပဲ။
ဧရာဝတီရဲ့လေက အရင်လိုပဲ။ ဧရာဝတီရဲ့ အငွေ့အသက်က ကျွန်တော့်ကို မစိမ်းသေးဘူး။
၂၀၀၉ ဟင်္သာတမှာ ဦးပါရဲဘုရားကို ညတိုင်းသွား၊ အလှမ်းဝေးနေတဲ့ ဧရာဝတီဆီကို လှမ်းငေး။
ကျွန်တော် ဧရာဝတီကို မရိုးသေးဘူး။
အခွင့်ရရင် ဧရာဝတီကျောကိုစီး။ ကျွန်တော် ဟိုးအဝေးကြီးဆီအထိသွားချင်သေးတယ်။
ကျွန်တော့် သွေးကြောတွေထဲမှာ ဧရာဝတီ စီးတုန်းပဲ။

No comments:

Post a Comment