Showing posts with label youth. Show all posts
Showing posts with label youth. Show all posts

Apr 24, 2011

သမ္မာကျမ်းစာမှ ကောက်နှုတ်ချက်များ Quotes from the Holy Bible

မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို လည်းကောင်း၊ လူဆိုးကို အပြစ် ပြသောသူသည် ကဲ့ရဲ့ခြင်းကို လည်းကောင်း ခံရလိမ့်မည်။ (သုတ္တံ )
He who corrects a scoffer gets shame for himself, and he who rebukes a wicked man only harms himself. (Proverbs 9:7)
မခန့်ငြားသူ ဆုံးမမူသော်
များလူကြားတွင် ရှက်ဖွယ်မြင်မည်
ထို့ပြင်ဗာလ လူ့အန္ဓအား
မှန်မှားနှစ်တန် ပြဆိုပြန်လည်း
ထိုဗာလာနံ မနာခံပဲ
       တန်ပြန်ကဲ့ရဲ့ ခံရမည်။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလဘို့ကဲ့သို့ယိုတတ်၍ သူပြောသော စကားသည် ဆီထက်ချော သော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်သို့ ခါး၍ သန်လျက်နှင့်အမျှထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူသွားရာလမ်း သည် မရဏနိုင်ငံသို့ ရောက်တတ်၏။ (သုတ္တံ ,,)
For the lips of an immoral woman drip honey, and her mouth is smoother than oil; But in the end she is bitter as wormwood, sharp as a two-edged sword. Her feet go down to death, her steps lay hold of hell.         (Proverbs 5:3,4,5)
မိန်းမယုတ်နှုတ်ခမ်း ပျားရည်လွှမ်း၍
စွဲလမ်းယစ်မူး ပြောပုံထူးလည်း
အဆုံးမှာကား တမာခါးနှင့်
အသွားထက်မြက် ဒါးသန်လျက်တည်း
သူသွားသည်မှာ သေခြင်းထိ
သူလှမ်းမည်မှာ အ၀ီစိ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လူသည် ရယ်စဉ်အခါပင် ၀မ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်း ရှိတတ်၏။ (သုတ္တံ ၁၄ ၁၃)
Even in laughter the heart may sorrow, and the end of mirth may be grief. (Proverbs 14:13)
ရယ်ပင်သော်ငြား နှလုံးသားငို
ရွှင်ကာပြုံး အဆုံးမျက်ရည်စို။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
သဘောကောက်သောသူသည် ကောင်းကျိုးမတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏ မိုက်သောသူကို ဖြစ်ဘွားစေသူသည် မိမိကိုမိမိ ၀မ်းနည်းစေတတ်၏။ မိုက်သောသူ၏ အဘ၌ ၀မ်းမြောက်စရာ အကြောင်းမရှိ။    (သုတ္တံ ၁၇ ၂၀,၂၁)
He who has deceitful heart finds no good, and he who has a perverse tongue falls evil. He who begets a scoffer does so to his sorrow, and the father of a fool has no joy.   (Proverbs 17: 20,21)
ကောက်ကျစ်တတ်ကား ကျိုးယုတ်ငြားတည်း
လိမ်ကား ဥပဒ် တွေ့ကြုံတတ်မည်။
ကိုယ့်ကြောင့်များသူ မိုက်မဲစေမူ နှလုံးပူလတ်။
လူမိုက်မွေးရာ ဘခင်မှာလည်း
ဝမ်းမြောက်ဘယ်မှာ မတွေ့ပါချေ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
ငွေကိုတက်မက်ခြင်းသည် မကောင်းမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူတစ်ချို့တို့သည် ငွေကိုတပ် မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။ (တိမောသေသြ၀ါဒစာ ပဌမစောင် ၁၀)
For the love of money is a root of all kinds of evil, for which some have strayed from the faith in their greediness, and pierced themselves through with many sorrows.  (Timothy 6:10)
ငွေလောဘကား အပြစ်များစွာ
စီးဆင်းရာတည်း။
ငွေကိုချစ်ခင် စွဲလမ်းမင်သော်
အယူမတော် အပူပေါ်၍
နှလုံးလျော်ညို တံကျင်လျှိုသို့
ဒုက္ခကြီးစွာ တွေ့မည်တည်း။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားသကဲ့သို့ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။       (သုတ္တံ ၂၆ ၁၁)
As a dog return to its vomit, so a fool repeats his folly. (Proverbs 26:11)
အန်ထားအန်ဖတ် ခွေးပြန်လျက်သို့
ဗာလံ အကျင့် သူပြန်ကျင့်သည်
လူမိုက်ဗာလ သံသရာ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လိုက်သောသူမရှိသော်လည်း မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ( သုတ္တံ ၂၈ )
The wicked man flees though no one pursues, but the righteous are as bold as a lion.           (Proverbs 28 : 1)
ကိုယ်မတရား စိတ်ထားမလုံ
သူကားမလိုက် ပြေးရပြန်ကုန်
ဖြောင့်မတ်သော်ငြား စိတ်ထားလုံခြုံ
သီဟအလား လူကြားရဲရင့်ပုံ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)

လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်သိမ်းခံရ၍ ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ (ဆာလံ ၃၇ )
Do not fret because of evil men or be envious of those who do wrong; for like the grass they will soon wither, like green plants they will soon die away. (Psalm 37 :1)
လူ့ဗာလအား စိတ်မထားနှင့်
မတရားသူ မငြူစူနှင့်
သူကားမြက်သွင် ရိတ်သိမ်းနှင်ကာ
သူသာပျိုးသွင် ညှိုးလျော်ပင်မည်
ကြောင်းကြောင့် အကျိုးဖြစ်၍တည်း။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓါတ်လည်းဖြစ်၏။ (ရှင်ယာကုပ်သြ၀ါဒစာ )
The tongue is also fire; a world of evil among the parts of the body. ( James 3 : 6)
လိမ်လည်မုသား သူကားအခရာ
ရသာရမ္မက် သူတက်မက်တာ
လျှာသာမီးဓါတ် လောင်ဖျက်တိုက်ကာ
ဒုစရိုက် သူ့၌တည်ခဲ့ရာ။
ဝေလင်းထက်သွင် (၁၇..၂၀၁၁ နှစ်ဆန်းတစ်ရက်)
ပိတ်ရက်မှာ အကျိုးရှိသောငှာ သမ္မာကျမ်းစာ(Holy Bible) ကို ဖတ်ခဲ့ပါတယ်။ ယူစရာတွေအများကြီးပါ ခရစ်ယာန် များရဲ့ စိတ်ထားနဲ့ ကိုယ်ကျင့်သီလကို ဖြူစင်အောင် ဆုံးမထားတဲ့ကျမ်းစာပါ။ နှစ်သက်တဲ့ ဆိုရိုးနဲ့ ဆုံးမစကားအနည်းငယ်ကို ကဗျာပြုလို့ သီးသန့်ထုတ်နှုတ် ထားပါတယ်။ share လုပ်လိုက်တာပါ ရိုးရာနှစ်သစ်မှာ ဖြူစင်စွာ ပျော်ရွှင်နိုင်ကြပါစေ။
References:
1.    Holy Bible (Old and New Testaments) translated into Myanmar by Rev. A Judson D.D
2.    Holy Bible , Placed by The Gideons (U.S.A)
3.    The Holy Bible, New International Version (The NIV Study Bible) by International Bible Society
Thanks are for little brother Phoe Khwar and Ko Thein Oo for their kindness and for their books.


--
Wai Lin Htet Thwin
韦林庭

Mar 17, 2011

ကျွန်တော့်ညီလေးရဲ့မြန်မာသင်္ကြန်

ညီလေး
မင်းဘာတွေလုပ်နေတာလဲ။ မင်းဘာတွေလုပ်နေမယ်ဆိုတာ အကိုသိပါတယ်။ မေးသာမေးရတယ်။
ခု သင်္ကြန်နားနီးလာပြီဆိုတော့ သင်္ကြန်မှာ ဘာတွေလုပ်မယ်ဆိုတာ ကြံနေတယ်မဟုတ်လား။
အကို သိပြီးသား။ မင်းတို့ အုပ်စု ခုလောက်ဆို ပိုက်ဆံစုပြီး
သင်္ကြန်အတွက်ပြင်နေလောက်ပြီ။
အကို ရန်ကုန်ပြန်လာရင် မင်း အကို့ဆီကလဲ အလှူခံဦးမယ်လေ။
သူများတွေနဲ့ မတူတဲ့မင်းကို အကိုမင်းငယ်ငယ်ကတည်းက သဘောကျမိတယ်။
ခုဆို မင်းရေပြွတ်လေးတွေဝယ်စုနေလောက်ပြီ ဆိုတာတွေးမိသား။ မနှစ်ကလဲ ရေပြွတ်လေးတွေဝယ်
ဆင်းရဲတဲ့ကလေးတွေကို လိုက်ဝေတာ အကို သဘောကျလို့မဆုံးဘူး။
မင်းဆုံးမပြီးကတည်းက အကိုလဲ သင်္ကြန်မလည်ဖြစ်တော့ဘူး။
မင်းပြောတဲ့ စကားကို အကိုမမေ့ဘူး။ ဘာတဲ့ သင်္ကြန်မှာ မြန်မာတွေရဲ့
ကောင်းတဲ့ စရိုက်တွေကိုဖေါ်ပြသလို ငုတ်နေတဲ့ မကောင်းတဲ့ စရိုက်တွေလဲ
ပေါ်လာတာပဲတဲ့။
မပေါ်ရုံတမယ်ဝတ်ထားတဲ့ ကောင်မလေးတွေ။ လူကြားထဲ အရှက်မရှိ
လုပ်ချင်ရာလုပ်နေတဲ့အတွဲတွေ။
သရုပ်ပျက်မှုကို အစွမ်းကုန်ဖြစ်အောင် ကြိုးစားပြီး လမ်းထွက်လာတဲ့
ကောင်မလေးတွေ ကောင်လေးတွေ။ အရက်မူးနေတဲ့ မိန်းကလေးတွေ။
အသားကုန်သောက် ဖြစ်ချင်တိုင်းဖြစ် ရိုင်းချင်တိုင်းရိုင်းနေတဲ့ လူငယ်လေးတွေ။
သူတို့ရှိနေသလိုပဲ
မင်းတို့ သူငယ်ချင်းအုပ်စုလို လူငယ်တွေရှိနေလို့ အကိုတို့မှာဖြေသာနေရတာပေါ့။
အကိုတွေထက်တော်တဲ့ညီ အကိုတွေထက်လိမ္မာတဲ့ညီ အကိုတွေကို လမ်းညွှန်ပေးနိုင်တဲ့ညီ။
မင်းကို အကို ချစ်သလို လေးလဲလေးစားတယ်ဆိုတာ မှတ်ထားဦး။
မနှစ်က သင်္ကြန် အကိုတို့က ဘယ်မှမသွားပဲ။ (မသွားတာကလဲ လမ်းပေါ် မဏ္ဍပ်ပေါ်က
ဘရုတ်သုက္ခ တွေကို မမြင်ချင်လို့ဟ) ပလောင်ထင်း ပုလင်းထောင်နေတုန်း။ မင်းက
တူနဲ့ လွှနဲ့ ကိုင်ပြီး
ရပ်ကွက်ထဲကပြင်စရာလိုတဲ့ အိမ်တွေကို ကုသိုလ်ဖြစ်လိုက်ပြင်တယ်။ ညဖက်ကျတော့
တရားပွဲမှာ မင်းက အမာခံ volunteer ။ ဒီကြားထဲ သင်္ကြန်မှာ
ရန်ဖြစ်ပြီးပြန်လာတဲ့ ရပ်ကွက်ထဲက လူငယ်တွေကို
ဒိုင်ခံပြီးဆေးရုံလိုက်ပို့ ဆေးရုံလိုက်ကြည့် သေးတယ်။ မင်းပြောတဲ့
သင်္ကြန်ဆိုတာ ကောင်းမှုလုပ်ဖို့ဗျ
မကောင်းတာလုပ်နေရင် နှမြောစရာကြီးဆိုပြီး အကိုတို့ ပုလင်းတွေကို
ဖွက်ထားလို့ အကိုတို့လဲ
မသောက်ဖြစ်တော့ပဲ မင်းကိုလိုက်ကူတဲ့အလုပ်ပဲလုပ်လိုက်တော့တယ်လေ။
နှစ်ဆန်းတစ်ရက်နေ့ကျတော့ ဓမ္မာရုံကို မင်းအလှူခံထားတဲ့ပိုက်ဆံနဲ့
ဆေးအသစ်သုတ် ဆင်းတုတော်ကို ရောင်တော်ဖွင့်။ မင်းလိုလူတစ်ယောက်ရှိတာဟာ
လောကကြီးအတွက် မင်္ဂလာတစ်ပါးပဲ ငါ့ညီလေးရေ။
အကို့အရင်အတွေးက မြန်မာသင်္ကြန်ကို နိုင်ငံခြားသားမမြင်စေ့ချင်ဘူး
ဘာလို့လဲဆိုတော့ တို့တစ်မျိုးသားလုံးကို အထင်သေးသွားမှာစိုးလို့လေ။
ကောင်မလေးတွေက နိုင်ငံတကာမှာ
ပြည့်တန်ဆာတွေဝတ်တဲ့ ဖက်ရှင်ကို မတူတူအောင်ဝတ်။ ကောင်လေးတွေကလဲ မျက်နှာ ဆံပင်က
အစ ဆေးတွေဆိုးပြီး ဟစ်ပီစတိုင်ဖမ်း။ လမ်းပေါ် ကားပေါ် မဏ္ဍပ်ပေါ်မှာ
အရှက်မဲ့လုပ်ချင်တာလုပ်
အဲဒါတွေကိုမြင်သွားရင် ဘယ်နှယ့်ထင်မလဲဆိုပြီး ကြောက်မိတယ်ကွ။
ဒါပေမယ့် ခု စိတ်ပြောင်းသွားပြီသိလား။ အကို့မိတ်ဆွေထဲက
နိုင်ငံခြားသားတစ်ဦးဦး မြန်မာသင်္ကြန်ကို
လေ့လာချင်လို့ လာမယ်ဆို ၀မ်းမြောက်ဝမ်းသာခေါ်မယ်ကွာ။ ပြီးတော့ မင်းတို့
အုပ်စုရဲ့ လှုပ်ရှားမှု တွေကို တစ်ခုပြီးတစ်ခု ပြမယ်ဟေ့။ ဒါဆိုရင်
သူတို့ကို မြန်မာဆိုတာ ဒါမျိုးကွ လို့ ပြောပြီး
လက်မထောင်လို့ရမှာပဲ။ တစ်ခုတော့ရှိတယ် လမ်းမပေါ်တော့ ခေါ်ပြလို့မဖြစ်ဘူးကွ နော။
ညီလေးကျန်းမာပါစေ
ချစ်တဲ့ အကို

Aug 13, 2010

ပဲဟင်းအိုးနဲ့ We Are the World

     ကျွန်တော်အကြောင်းက စပြောချင်တယ်ဗျာ။ ငယ်ငယ်ကကစပြီး ပရဟိတလုပ်ခဲ့တယ်။ ၁၈နှစ် ၁၉နှစ်သားလောက်ကစလို့  ဆင်းရဲမွဲတေပပျောက်ရေးတို့  လမ်းပျော်ကလေးများထိန်းသိမ်းရေး
အစီအစဉ်တို့ မှာ work shop တွေတက် တောင်ပြော မြောက်ပြောပေါ့။ အသက်   နည်းနည်းကြီးလာတော့ idea ပြောင်း လာတယ်။ teens and youths are important ပေါ့ teens and youths psychology တို့  ဘာတို့ ဖတ်လာတယ်။   နောက်  youths development ဘက်ကူး လာတယ်။ စာကြည့်တိုက် သွေးလှူသင်း volunteers groupsဖွဲ့ တာတွေ  လုပ်တယ်။ youth training တွေ ဟောပြောတာတွေ ဘာညာတွေလုပ်တယ်။
 ကျွန်တော့်စေတနာကတော့ social development ပေါ့။ အမှန်က ကျွန်တော်က နီးတာတွေမေ့ပြီး ဝေးတာတွေတွေးနေမိတာပါ။
    ကျွန်တော် နေတာက ပုစွန်တောင်ချောင်းဘေးနားကရပ်ကွက်မှာ။ကျွန်တော်တို့ ရပ်ကွက်ရဲ့    အစွန် ချောင်ထဲမှာ အပယ်ခံလူသားတွေနေတယ်။ ရွက်ကျပင်ပေါက်တွေပေါ့။     အရမ်းလှတဲ့ ဆံပင်နီနီ မီနီစကပ်နဲ့ တက်တူးထိုးထားတဲ့ ကောင်မလေးတွေလဲရှိတယ်အဲဒီမှာ။ ဘာလုပ်လဲတော့မမေးနဲ့    ကျွန်တော် လဲ သေချာမသိဘူး။ အ၀တ်မပါပဲလျှောက်သွားနေတဲ့ ကလေး လေးတွေလဲရှိတယ်။ ကျွန်တော်တို့ တွေကတော့ ခြေဦးတောင်မလှည့်ဖြစ်ပါဘူးအဲဒီဘက်။ social development လို့ ကြွေးကြော်နေတဲ့ ကျွန်တော်က တစ်ခါမှ အဲဒီကို ခုထိမရောက်ဘူးသေးဘူး။
    ကျွန်တော်ပြောချင်တာက အဲဒီက ကလေးတွေအကြောင်းပဲ။ အဲဒီဘက်က ကလေးတွေများ ရပ်ကွက်ထဲလာရင် ဟိုအိမ်ကမောင်းလွှတ် ဒီအိမ်ကမောင်းလွှတ်။ သူတို့ လေးတွေက ၆နှစ်လောက်ကလေးဆို ရေသန့် ဘူးကောက်တယ်။ ကြီးတဲ့သူက ပလတ်စတစ်ကောက် အမှိုက်ပုံတကာမွှေပေါ့။
    တစ်ခါသား ကျွန်တော့်ညီက သူတို့  အလှူလုပ်တဲ့အကြောင်း ပြောပြတယ်။ဟေ့ကောင်ရာတို့ တွေ ကယ်ပါချောင်က ကလေးတွေကိုအလှူလုပ်တာတဲ့။ ကယ်ပါချောင်ဆိုတာ ကျွန်တော် ခုနပြောတဲ့ နေရာကိုဆိုလိုတာ။ ဘယ်လိုလုပ်လဲဆိုတော့ ပဲကုလားဟင်းနဲ့  ငါးပိကြော် လာသမျှ ကလေးတွေကို အ၀ကျွေးတာတဲ့။ သူကပြောပြတယ် ဟေ့ကောင် အလှူမှာအပင်ပန်းဆုံးအလုပ်က ဘာအလုပ်လဲသိလားတဲ့။ မသိပါဘူးကွာလို့ ဖြေတော့။
မှတ်ထားတဲ့ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ဆွဲရတာ အပင်ပန်းဆုံးပဲတဲ့။ ဘယ်ဘ၀က ငတ်ပြတ်နေတဲ့ ကလေးတွေလဲမသိပါဘူးကွာတဲ့။
ဟင်းအိုးကမကျက်သေးဘူး သူတို့ က ချိုင့်တွေ ခွက်တွေနဲ့  အိုးနားမှာ လာပြုံ ၊ မောင်းထုတ်လိုက် ပြန်ဝိုင်းလာလိုက်နဲ့ တဲ့ ၃နှစ်လောက် ကလေးလေးတစ်ယောက်ဆို အိုးထဲကျပြီမှတ်တာ မနည်းဝိုင်းဆွဲ ရတယ်တဲ့။
    ကျွန်တော် နားထောင်ပြီး စကားပြန်မပြောနိုင်ဘူး။ အော် ကလေးလေးတွေ၊ အ၀တ်ကိုမကပ်နိုင်ဘူး။ အော် သူတို့ လေးတွေ ပဲဟင်းနဲ့ ထမင်းစားဖို့ ကိုမီးပူမှာတောင် မကြောက်နိုင်ဘူး။ ခင်ဗျားတို့ အနားမှာရော အဲဒီလိုကလေးတွေရှိလား ။ ကျွန်တော်ကတော့ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ we are the world
သီချင်းလေးကို သတိရတယ် ဘာတဲ့ ငါတို့ အားလုံးဟာ ဘုရားသခင်ရဲ့  မိသားစုကြီးတစ်ခုထဲကပါတဲ့။ ကျွန်တော်တို့ သူတို့ ဟာ လူသားတွေချင်းပဲနော။
မေတ္တာတရားဟာ လူသားတွေအလိုအပ်ဆုံးပါပဲတဲ့။ လှပတဲ့နေ့ တွေကို တို့တည်ဆောက်ကြရ မှာပါ ခုချိန်ကစလို့  ပေးကမ်းခြင်းကို စကြပါစို့ တဲ့။
ခင်ဗျားတို့ ကျုပ်တို့ အတွက် ပိုမိုကောင်းမွန်တဲ့ နေ့ ရက်တွေကို လုပ်ကြရမှာ အမှန်ပါတဲ့။
သီချင်းရေးတာကတော့ ကွယ်လွန်သွားတဲ့ you are not aloneကိုဆိုတဲ့ Michael Jackson နဲ့  Hello သီချင်းဆိုတဲ့  Lionel Richieထူးခြားတာက ၂ ယောက်လုံး လူမည်းတွေချည်းပဲဗျနော။
လူမည်းတွေ ရဲ့ နှလုံးသားက ဒီလောက်လှပတဲ့ သီချင်းလေးထွက်လာတယ်နော်။
သီချင်းလေးကို ခနခန ပြန်နားထောင်မိတယ် နားထောင်မိတိုင်း ပဲဟင်းအိုးနားက ကလေးလေးတွေကို တွေးပြီး စိတ်မကောင်းဖြစ်လာတယ်။
ခင်ဗျားလဲကြားဘူးပြီးသားပါ။

We Are the World
Written By: Michael Jackson and Lionel Richie

  G                        C      D        G
There comes a time when we heed a certain call
         C           D                G
When the world  must come together as one
          Em                  
There are people dying
         D                      C                          D
And it's time to lend a hand to live, The greatest gift of all
တစ်ကမ္ဘာလုံး ပေါင်းစပ်နိုင်မယ့်နေ့ ကို တို့ ကြုံရမှာပါ
လူတွေကလဲသေနေကြတယ်
အသက်ရှင်ဖို့ အကူအညီတွေပေးရမယ့်အချိန် ငါတို့ အားလုံးရဲ့ အကြီးအမြတ်ဆုံးဆုလာဘ်ပါ
  G            C         D        G
We can't go on pretending day by day
     C        D                          G
That someone, somewhere will soon make a change
       Em                   D 
We are all a part of God's great big family
        C                               D
And the truth, you know, Love is all we need
အချိန်တိုင်း တို့ တွေ ဆက်ပြီးဟန်ဆောင်မနေနိုင်ပါဘူး
တစ်ယောက်ယောက်က တစ်နေရာရာမှာ မကြာမီပဲပြောင်းလဲပေးမှာ
တို့ တွေ ဟာ ဘုရားသခင်ရဲ့  ကြီးမားတဲ့ မိသားစုဝင်တွေပဲဟာ
အမှန်ပြောရင် မင်းသိသလိုပဲ မေတ္တာတရားကို တို့ လိုပါတယ်

Chorus:
           C    D            G
We are the World, we are the children
           C                        D                 G
We are the ones who make a brighter day so lets start giving
          Em                          D
There's a choice we're making,  We're saving our own lives
     C                        D                 G
It's true we'll make a better day, just you and me
တို့ ကမ္ဘာ တို့ ကလေးတွေ
တို့ တွေဟာ လှပတဲ့နေ့ ကလေးကို တည်ဆောက်မယ့်သူတွေ
ဒီတော့ ခုပဲပေးဆပ်ခြင်းကိုစရအောင်လေ
ဒီမှာ ငါတို့ ရွေးချယ်ထားတာက
တို့ အသက်တွေကိုတို့ ကယ်နေတာ
အမှန်ပြောရရင် တို့ တွေ ပိုကောင်းတဲ့နေ့ ကလေးကိုတည်ဆောက်မယ်
မင်းတို့ နဲ့ ငါတို့ အတွက်ပဲလေ

G                               C         D       G
Send them your heart so they'll know that someone cares
          C          D               G
And their lives will be stronger and free
   Em                  D
As God has shown us by turning stones to bread
      C                       D
So we all must lend a helping hand
သူတို့ ကို မင်းနှလုံးသားပေးလိုက်ပါ
ဒီတော့ သူတို့ ကို ဂရုစိုက်မယ့်သူရှိတာ သူတို့ သိသွားမယ်လေ
သူတို့ ဘ၀လေးတွေ ပိုသန်မာလာမယ် ပိုလွတ်လပ်လာမယ်
ဘုရားသခင်က ကျောက်တုံးကိုပေါင်မုန့် ဖြစ်အောင်လုပ်ပြခဲ့သလို
ဒီတော့ တို့ တွေကူညီမယ့်လက်ကလေးတွေ လှမ်းကြရအောင်လား။

Repeat Chorus:
            Cm                  D                G
When you're down and out, there seems no hope at all
            Cm                   D             G
But if your just believe there's no way we can fall
       Em             D
Let us realize that a change can only come
        C                 D
When we stand together as one
မင်းကျဆုံးနစ်မြုပ်ချိန်
မျှော်လင့်ခြင်းလဲမရှိနိုင်တော့ချိန်မှာ
ဒါပေမယ့် မင်းဟာ ရှုံးနိမ့်ဖို့ လမ်းမရှိဘူးလို့ ယုံကြည်ထားလိုက်
အပြောင်းအလဲလေးတစ်ခုလာလိမ့်မယ့်လို့ ယုံကြည်လိုက်ရအောင်
တို့ အတူတူတစ်စုတစ်စည်းတည်းရပ်တည်နေချိန်မှာလေ။
Repeat Chorus:

ဘာသာပြန်တာကတော့ တော်သလိုပဲဗျ ကြည့်ကြပ်သာ ဖတ်လိုက်တော့။ အမေ့ကိုပြောထားတယ် ဒီတစ်ခေါက် ကျွန်တော့်တူလေးမွေးနေ့ ကျရင် ပဲဟင်းနဲ့ ထမင်းကျွေးရအောင်လို့ ။ ခင်ဗျားလာခဲ့ပါလား။ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ၀ိုင်းဆွဲပေးဖို့ လေ။
(ကယ်ပါချောင်မှ ဗိုက်ပူနံကား ကလေးများသို့ အမှတ်တရ)

Jun 15, 2010

ဇာတ်သဘင်အကြောင်း

ဇာတ်သဘင်ဆိုတာ ဟာသ ပညာတဲ့ သဘင်ဝန်ဦးနု ကပြောတယ်။ လူတွေရဲ့ စိတ်ကို ညွတ်နူးစေတဲ့ အရာ ဆိုပါတော့။ ကျွန်တော်က ငယ်ကတည်းက ဇာတ်ပွဲကြည့်ခဲ့ရတယ်။ အမေက ဇာတ်ပွဲကြိုက်တယ် အဲဒီတော့ အမေကြည့်ရာလိုက်ကြည့်ရင်း ကိုယ်လည်းကြိုက်သွားတာ။ ကျွန်တော့်အမေက ရန်ကုန်ကနေ ရွှေမော်ဓောဘုရားပွဲ အထိ ဇာတ်ပွဲအကြည့်သွားတဲ့ အထိ ဇာတ်ပွဲကြိုက်တာ။ ကျွန်တော်က ငယ်ကတည်းက သီချင်းကြိုက်တတ်တယ်။ ကျွန်တော် ပထမဆုံး အစအဆုံး အလွတ်ရတဲ့ သီချင်းက မန္တလေးသိန်းဇော် အော်ပရာထဲမှာဆိုတဲ့ ပန်းသလားမေပျို ပေါ့။ နောက် မန္တလေးသိန်းဇော် သိပ်ဆိုတဲ့ ကိုစောငြိမ်းရဲ့  မိုးသက်လေနှင် သီချင်း၊ ချစ်ပြုံးနှင်းဆီ သီချင်း။ ဇာတ်ပွဲကြည့်ရတာ အရသာသိပ်ရှိတဲ့ အရာဆိုတာ ငယ်ကတည်းက သိခဲ့တယ်။
ကန့် လန့် ကာမဖွင့်ခင် ဧည့်ခံတီးလုံးတီးတော့ ဟိုဘက်က အနောက်တိုင်းတီး၊ ဒီဘက်က ဆိုင်းဝိုင်းကြီးတီး တစ်လှည့်စီတီးတာကို နားထောင်ရတာ အရမ်းသဘောကျခဲ့တာပေါ့။ ရွှေမန်းသဘင်တို့  နန်းဝင်းတို့ လဲ ကြည့်တယ်။ ရွှေမန်းသဘင်က နောက်ပိုင်းဇာတ်၊ ပြဇာတ်တွေကို ငယ်တုန်းက သိပ်ကြိုက်ခဲ့တာပေါ့။
တစ်ဖြည်းဖြည်းနဲ့  ကြီးလာတော့ အမေ့နောက် တစ်ကောက်ကောက်မလိုက်ဖြစ်တော့ ဇာတ်ပွဲကြည့်တာလဲ လျော့သွားတယ်။ ကျွန်တော်ကြီးလာတော့ ငယ်တုန်းကလို ဇာတ်ပွဲမျိုး ကြည့်ချင်လို့  လိုက်ရှာတော့ မရှိတော့ ပါဘူးတဲ့။ ကျွန်တော်မကြည့်ဖြစ်သလိုပဲ ဇာတ်ပွဲတွေရဲ့  အသွင်အပြင်တွေလဲ ပြောင်းလဲ သွားတယ်။ ဇာတ်ပွဲဆိုတာ stage show မဟုတ်ဘူး မြန်မာ့ဇာတ်သဘင်ဆိုတာ မြန်မာလို ကပြရတယ် ဆိုတာကို ဇာတ်သမားတွေမေ့သွားတယ်။ ဇာတ်ပွဲကြည့်တဲ့သူတွေမေ့သွားတယ်။ ဇာတ်ပွဲက စတိတ်ရှိုးမှာ ကောင်မလေး တွေက တိုနိုင်သမျှ တိုတိုဝတ် ခါနိုင်သမျှ အစွမ်းကုန်ခါ။ ဇာတ်မင်းသားဆိုတာ မြန်မာ့အနုပညာဆိုတာထက် အနောက်တိုင်းအက၊ အဆိုကို ပိုလို့  တတ်ကျွမ်းရမယ်ဆိုတဲ့ သဘောမျိုး တွေ တွေ့ လာရတယ်။
အော် နိုင်ငံခြားသားကိုတောင် ငါတို့ ဆီက မြန်မာ့ဇာတ်သဘင်ဆိုတာ ဒီလိုပါဟေ့လို့  ပြချင်ရင်တောင် ပြစရာ သိပ်မကျန်တော့ဘူး။ ကျွန်တော်က Metallica ကြိုက်တဲ့သူပါ။ Guns and Roses, Aerosmith ကြိုက်တဲ့သူပါ။ Modern Dance တွေကို နှစ်သက်တဲ့သူပါ။ ဒါပေမယ့် မြန်မာမှုကိုတော့ ရင်ထဲအသဲထဲက ချစ်ခဲ့ရတာပါ။ ဇာတ်ပွဲမှာမြန်မာမှု အတိုင်းလုပ်ရင် လူမ၀င်ဘူးတဲ့။ မြန်မာတွေက မြန်မာမှုကို မကြိုက်ကြဘူးဆိုပဲ။ အခု VCD DVD ခေတ်မှာ ဇာတ်အခွေတွေ ထွက်သမျှလောက် လိုက်ကြည့်ဖြစ်တယ် လူပျက်က ရယ်စရာများများလုပ်၊ ဇာတ်မင်းသားက ဆက်တင်တွေခမ်းခမ်းနားနားနဲ့  မြန်မာမကျ ကုလားမကျ သီချင်းတွေဆို၊ underground ဆန်ဆန် အကတွေက၊ ရုပ်ရှင်မင်းသမီး လှလှတွေနဲ့ တွဲ။ တစ်ချို့ ဆို ဇာတ်သီချင်းကို ကော်ပီတောင်ဆိုလိုက် သေးတယ်။ အောင်မယ်လေးဗျာတောင်မအော်နိုင်ပါလား။ ဟောဒီကမယားလေးတွေ ဆိုတာမျိုးကိုသာ အခါတစ်ထောင်ကြားလိုက်ရတယ် ဇာတ်စာတွေ ဆိုင်းဆင့်တွေ တစ်ခွေသာကုန်တယ် မကြားလိုက်ရဘူး။
မြန်မာ့ဇာတ်သဘင်ကို အဖတ်ဆယ်မယ်ဆိုတဲ့ သူတွေအကြောင်းလဲ ကြားရသိရပါတယ်။ သူတို့  အောင်မြင်ကြ ပါစေ လို့ ပဲဆုတောင်းရမှာပဲ။
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်တွေလိုမျိုး ဇာတ်ပွဲဆိုင်းဘုတ်မှာ အင်္ဂလိပ်နာမည်တွေ မရောက်လာ ပါစေနဲ့ လို့  ဆုတောင်းရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ဘူး။

May 30, 2010

လူငယ်ဆိုတာမှန်ရမယ်

လူငယ်ဆိုတာမှန်ဖို့လိုတယ်။ လူငယ်တွေကမှမမှန်ခဲ့ရင် အနာဂတ်မှာ အမှန်ဆိုတာရှိလာမှာမဟုတ်ဘူး။ တချို့ လူငယ်တွေက မှန်တယ်ထင်ရင် ဘာမှဂရုမစိုက်ဘူးဆိုတာအမြဲပြောတတ်ကြတယ်လေ။ တကယ်မှန်ဖို့တော့လိုတယ်။ တကယ်မှန်တာကိုဆို ဘာကိုမှလှည့်မကြည့်ပဲ လုပ်သင့်ရင် လုပ်ရမယ်။

တစ်ခါက အိမ်နားမှာ ည ၁ နာရီလောက်အထိ ကောင်လေးတွေ ဂစ်တာလာတီးကြတယ်။
အဲဒါနဲ့ အိမ်နားကအဒေါ်ကြီးတစ်ယောက်က ထပြောတယ်။ နင်တို့ သူများတွေအိပ်နေကြပြီ တော်ကြပါတော့ဆိုတော့။ ကလေးတစ်ယောက်က ထပြောတယ် ကျုပ်တို့က မှန်တယ်ထင်ရင်ဂရုမစိုက်ဘူးဗျတဲ့။ ဆက်တီးတယ်။ ဘယ်သူမှဆက်မပြောကြဘူး။ သူတို့က မူးနေကြတာကိုး။

ကောင်မလေးတစ်ယောက်ကို သူ့ကောင်လေးတွေအများကြီးထဲက တစ်ယောက်က တောင်းဆိုတယ်။ တစ်ခြားယောက်ျားလေးတွေနဲ့ သိပ်မတွဲပါနဲ့ တဲ့။ ကောင်မလေးက နင်မကြိုက်ရင်ငါ့ကိုဖြတ်သွား ငါကမှန်တယ်ထင်ရင်လုပ်မှာပဲတဲ့။

မှန်တယ်ထင်တဲ့သူတစ်ချို့က လမ်းထိပ်မှာ မူးပြီးရန်ဖြစ်နေကြတယ်။ မှန်တယ်ထင်တဲ့ သူတစ်ချို့က သင်္ကြန်မှာ မပေါ်ရုံတမယ်ဝတ်ပြီး လူကြားထဲ sexy dance ကနေကြတယ်။

မှန်တယ်ဆိုတဲ့အရာမှာ ဂုဏ်အရည်အချင်းရှိတယ်။
၁။ အမြဲတမ်းမဖေါက်မပြန်သောသဘောရှိရတယ်။ (ဘယ်အချိန်ပြန်တွေးတွေး ငါမှန်ခဲ့တယ်လို့ဖြစ်ရမယ်)
၂။ လူ့အသိုင်းအ၀ိုင်းနဲ့ ပါတ်ဝန်းကျင်အားလုံးကလက်ခံရမယ်။ ( ကိုယ့်အသိုင်းအ၀ိုင်းတင်မဟုတ်၊ ဘယ်လိုလူကကြည့်ကြည့်
မှန်တယ်လို့ လက်ခံရမယ်)
၃။ ကိုယ့်အကျိုး ဒါမှမဟုတ် သူများအကျိုး ဒါမှမဟုတ် အများအကျိုး တစ်ခုခုတော့ အနည်းဆုံးရှိရမယ်။

ကိုယ့်ဆန္ဒကိုပြည့်စုံရုံနဲ့ မှန်တာမဟုတ်ဘူး။ လူဟာ သူ့ဆန္ဒတစ်ခုထဲကို ဖြည့်ဆည်းတယ်ဆိုရင် လူ့အရည်အချင်းမပြည့်တော့ဘူး။
ဟိုခေတ်က ဗိုလ်ချုပ်တို့ လူငယ်တွေ မှန်ခဲ့လို့ ကျွန်တော်တို့ အခု ဒီလိုနေရတယ်။ အခု ကျွန်တော်တို့ မှန်မှ နောက်လူတွေ အတွက် အမွေကောင်းတွေကျန်ခဲ့မယ်လေ။ ကိုယ့်သားကိုယ့်မြေးကမှ အဖိုးတို့ အဖေတို့ကလဲ လူငယ်ဘ၀တုန်းက ဘာမှလဲ ဟုတ်ခဲ့တာ မဟုတ်ပါဘူးဆို ခင်ဗျား နောင်တပြန်ရလိမ့်မယ်။ ဒါ့ထက်ဆိုးတာက အဖေတို့ အဖိုးတို့ ငယ်ငယ်က သူများနှာခေါင်းရှုံ့မှာတွေ လုပ်ခဲ့တာကိုးဆို။ သေပစ် လိုက်ဖို့တောင်ကောင်းတယ်။ သူတို့အတွက်ကျွန်တော်တို့က ဘယ်အချိန်ပြန်ကြည့်ကြည့် နမူနာပဲဖြစ်သင့်တယ်။

မှန်ပါ မမှားပါနဲ့။ ဘယ်အချိန်တွေးတွေး နောင်တရစရာမရှိအောင်မှန်စမ်းပါ။ ဘယ်ဘက်ကကြည့်ကြည့် ကောင်းတယ်ထင်အောင် မှန်စမ်းပါ။ မှားခဲ့ရင်လဲ အမှန်ကိုပြန်ပြောင်းသင့်ပါတယ်။ အခုအချိန်ကစပြီး မှန်ရမယ်ဆိုပြီး အဖေအမေကကြည့်ကြည့် ချစ်သူဘက်က ကြည့်ကြည့် ပါတ်ဝန်းကျင်က ကြည့်ကြည့် မှန်လိုက်ကြရအောင်ဗျာ။