မကျေမနပ် ဆဲဆိုသံတွေ
မိုက်တိမိုက်ကန်း ငါ့မျက်လုံးများ
အသံ အစစ်ကိုက အတုဖြစ်နေတာကြာ
သေနတ်အတုနဲ့ ထုတ်ထုတ်ချိန်
လက်သီးအစစ်နဲ့ အထိုးခံရတာ ခနခန
ဘယ်လိုဖြစ်ဖြစ် မတရားတာက ငါ
သွေးသံရဲ ရဲကြားက
လက်ခုပ်သံများ
နားနှစ်ဖက်ပိတ်ထားရက်နဲ့
မရပ်မနားကြား.............................။
ကျွန်တော်ချစ်တဲ့ အကြောင်း၊ မုန်းတဲ့အကြောင်း။ ဖြစ်ချင်တာ၊ မဖြစ်ချင်တာ။ ဖြစ်ခဲ့တာ၊ မဖြစ်ခဲ့တာ။ သိခဲ့တာ၊ မသိခဲ့တာ။
Sep 18, 2011
ကျွန်တော်တို့ရပ်ကွက်ထဲ သောက်ရေကန်တစ်ကန် ရှိခဲ့တဲ့အကြောင်း
(၁)
ကျွန်တော်တို့ ရပ်ကွက်ထဲမယ် သောက်ရေကန်တစ်ကန်ရှိတယ်ဗျ။ ရှိတယ်ဆိုတာထက် ရှိခဲ့တယ်ဆို ပိုမှန်မယ်ပေါ့ဗျာ။ဘာလို့လဲဆိုတော့ ခုအဲ့ဒီရေကန်ကရေက သောက်လို့ မရတော့ဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကြာတွေအပြည့်နဲ့
ရေကလဲ အရမ်းကောင်းတဲ့ ရေကန်ကြီးပေါ့။ ဖေဖော်ဝါရီလလောက်ဆို ရေခန်းတယ်။ ကန်ရေခန်းပြီဆို ကျွန်တော်တို့ ရပ်ကွက်
သားတွေ ဒုက္ခရောက်တာပဲ။ အ၀ီစိရေက သောက်လို့မရတော့ သောက်ရေအတွက် အဝေးကို လှည်းနဲ့ သွားတွန်းရတယ်လေ။ လှည်းနဲ့ မတွန်းနိုင်ရင် ရေထမ်းနဲ့သွားထမ်းရတာပေါ့။ နွေရာသီရေဒုက္ခ က အတော်ကြီးကျယ်တယ်။ ရေကန် ရေခန်းပြီဆို ရပ်ကွက်ထဲက လူတွေက မြေကြီး တူးပြီးအိမ်တွေမှာ မြေအနိမ့်ကို ဖို့ကြတယ်။ အိမ်ဖို့တယ်ဆိုတာထက် ရေကန် နည်းနည်းပိုနက် ရင် နောင်နှစ်တွေရေများများ ဆန့်မယ် ရေပိုနေမယ် ဆိုတဲ့ စေတနာပါ။ တစ်ဦးကို နည်းနည်းတော့ တူးလိုက်ကြတာပဲ။
ကန်က မြစ်နဲ့ နည်းနည်းနီးတော့ အရမ်းလဲ မတူးရဲဘူး မြစ်က ရေငန်ဝင်တယ်လေ။ အဲ့လိုဆိုတော့ မြစ်ရေသာ အောက် မှာ ပေါက်ရင်
ကန်ရေက သောက်လို့ ရတော့မှာမဟုတ်ဘူးကိုး။ကန်နဲ့ မြစ်နဲ့က နီးဆို ကိုက် ၂၀၀ ထက်ပိုမဝေးဘူး။ ပြီးတော့ရပ်ကွက်ထဲ ရေတွင်းတူး လိုက်တိုင်း အောက်က ရေငံတွေ လိုက်လိုက်လာတာမြင်နေရတာကိုး။
(၂)
မှတ်မှတ်ရရ။ ကျွန်တော်တို့ ၇ တန်း နှစ်၊ ကန်ရေခန်းတဲ့ အချိန်၊ မတ်လပေါ့။ ရပ်ကွက်လူကြီးတွေ ရေကန်ဘောင်တစ်ဖက်ကို
ဖဲ့ချနေတာ တွေ့တော့ စပ်စုကြည့်တာပေါ့။ ဘာလုပ်မှာတုန်း ဆိုတော့။ ရေကန်ကြီးပိုနက်အောင် တူးမယ် ရတဲ့မြေကြီးကို ကားတွေ
နဲ့ သယ်မယ်တဲ့။ နောက်ရက်တွေကျတော့ တကယ်ပဲ လူတွေအများကြီးနဲ့ လာတူးကြတာပဲ။ ပြီးတော့ မြေကြီးတွေကိုကားတွေနဲ့ သယ်သယ်သွားတယ်။ ထူးခြားတာက ရပ်ကွက်လူကြီးတစ်ယောက်ရဲ့သားက ကားတွေဆီက ပိုက်ဆံထိုင်ကောက်နေတာပဲ။
တစ်စီး ၂၀၀၊ ၃၀၀ ကောက်တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ အလုပ် တစ်ညလုံးလုပ်မှ ၇၅ ကျပ်လောက်ရဖို့ အနိုင်နိုင်ဗျ။
ဒီကောင်ကတော့ ပိုက်ဆံတွေကောက် သုံးလိုက် စားလိုက်နဲ့။ စပ်စုကြည့်တော့ ပိုက်ဆံကို လူကြီး ၂ ယောက် ဝေယူကြတာဗျ။
သူ့ အဖေရယ် နောက်တစ်ယောက်ရယ်။ လက်စသတ်တော့ မြေကြီးတွေကို ရောင်းစားနေကြတာကိုးဗျ။
(၃)
အထက်ကပြောသလိုပဲ ကန်က မြစ်နဲ့ နီးတော့ ရေငန်ပေါက်မှာ စိုးရတယ်လေ။ အဲလိုဆိုတော့ ရပ်ကွက်ထဲက လူကြီးသူမတွေက
သူတို့ရဲ့ မြေကြီးရောင်းစားရေးစီမံချက်ကို ကန့်ကွက်ကြတာပေါ့။ ဒါပေမယ့်လဲ ဒီလူတွေ ဆက်လုပ်ကြတာပါပဲ။ မရပ်ဘူး။ ဘယ်သူ့
ကိုလွှဲချလဲဆိုတော့ မြို့နယ်အဆင့်ကို လွှဲချတယ်။ ဘယ်သူပြောပြော မရဘူးဗျ။ တူးတာပဲ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက အဲ့ဒီ တုန်းက နွေရာသီကျောင်းပိတ်ရက်ဆို သမ၀ါယမစက်ရေတွင်းကရေကို ကန်ထရိုက်ယူပြီးရပ်ကွက်ထဲ ရေလိုက်ရောင်းတာ။ ဆိုတော့
အဲဒီကာလမှာ နေ့နေ့ ညည ကျွန်တော်တို့က ရပ်ကွက်ထဲ ရှိတယ်လေ။ တစ်ညမှာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မယ် မြေကြီး
ရောင်းသူ အရပ်လူကြီးကိုတွေ့တော့ ကျွန်တော်က မနေနိုင်ဘူး မေးကြည့်တယ်။ အဘရယ် ဒီကန်ကို ဒီလောက်တူးနေ မှတော့ အောက်က ရေငန်ဝင်မှာ မစိုးရိမ်ဘူးလားလို့။ သူကဖြေတယ် ဟေ့ကောင် ကန်ဆိုတာနက်လေကောင်းလေပဲတဲ့။
နက်တာထက် ရေငန်ပေါက်တော့ ဘယ့်နှယ့် လုပ်ကြမတုန်းဆိုတော့။ ရေငန်ပေါက်ရင် ငါ့တာဝန်ထားကွာ ငါဖြေရှင်းမယ်တဲ့။
(၄)
သိပ်မကြာပါဘူး ဆယ်ရက်လောက်နေတော့ တူးရင်းတူးရင်း မြစ်ထဲက ရေငန်တွေ ကန်ထဲ ပေါက်လာတာပဲ။ ငါ့တာဝန်ထားကွာ ဆိုတဲ့လူ ကလဲ အမျိုးမျိုး လေကျယ်တုန်း အဲ့ဒါလောက်များ လွယ်လွယ်လေး ဘယ်လိုလုပ်လိုက်ရင် ကောင်းမှာ။ နောက်တစ်နှစ်ဆို မ၀င်တော့ဘူး။ မိုးရွာရင်ကောင်းသွားမှာ ဘာညာနဲ့။ သူကသာအမျိုးမျိုး ပြောခဲ့တာ ခုတော့ ကျွန်တော်တို့ရပ်ကွက်မှာ မိုးတွင်းတောင်
ရေခပ်စရာ သောက်ရေကန်မရှိတော့ဘူးဗျ။ ရေက ညစ်ပုပ်ပုပ်နဲ့ ကြာလဲမပေါက်တော့ဘူး။ လျှော်ဖို့ ဆေးကြောဖို့လောက်ပဲ
သုံးလို့ရတော့တယ်။ အဲ့ဒီ မြေကြီးရောင်းစားခဲ့သူ ပုဂ္ဂိုလ်ကြီးကတော့ ဘာဖြစ်တယ်ဆိုလား မသိပါဘူး ရပ်ကွက်လူကြီး ကပြုတ်
သွားတယ်။ သူတို့ မှာ တာဝန်ရှိခဲ့တယ်ဆိုတာလဲ သူတို့ မမှတ်မိတော့ဘူးထင်ပါရဲ့။
(၅)
ရပ်ကွက်ထဲက လူတွေကတော့ တစ်ရပ်တည်းသားချင်း ပြီးတော့ ဆွေမကင်းမျိုးမကင်းတွေဆိုတာ့ ဘာမှ အကြီးအကျယ်မပြောကြပါဘူး။
ဒီလိုကိစ္စမျိုးကမလုပ်မှီက ကြိုမြင် ကြိုတွေးထားမှ ဖြစ်မယ်မဟုတ်လား။ ဖြစ်ပြီးကာမှ ဘယ်သူ့ခေါင်း ပုံချ ပုံချ ပြန်ကောင်းလာမှာမှ မဟုတ်တာ။ ခုတော့ သောက်ရေရဖို့ ဆိုပြီး ဂျိုးဖြူပိုက်ရေ သွယ်ကြတယ်။ မထူးပါဘူးဗျာ ရေလှည်းသမားတွေပဲ အလုပ်ဖြစ်နေတာပါ။
ကျွန်တော်ကတော့ ကန်ကြီးဘေးက ဖြတ်သွားတိုင်း ဒါ တို့ငယ်ငယ်က သောက်ရေကန်ကြီးပါလားလို့ မတွေးပဲ မနေနိုင်ဘူး။
နောင်လာမယ့် ကလေးတွေကိုလဲ ပြောပြရဦးမယ် ကျွန်တော်တို့ ငယ်ငယ်က ရပ်ကွက်ထဲမှာ သောက်ရေကန်တစ်ကန် ရှိခဲ့ဘူးကြောင်းကို..........
Subscribe to:
Posts (Atom)